Sunday, July 29, 2012

ပါရမီ (၁၀) ပါး

"ပါရမီ (၁၀) ပါး''

(အဂ္ဂမဟာပဏဍိတ- အသျှင် ဥာဏဓဇ ) - လယ်တီဆရာတော် ဘုရားကြီး ၏ "ဥတ္တမပုရိသ ဒီပနီ" ကျမ်းမှ ထုတ်နှုတ်ထားသည်။

ပါရမီ = မြတ်သော ဘုရားလောင်း စသော သူတော်ကောင်း တို့၏ ကုသိုလ်ကံ တရားစု၊ နိဗ္ဗာန်ဟူသော တဖက်ကမ်းသို့ ရောက်စေတတ်သော ကုသိုလ်ကံ တရားစု။

ပါရမီ (၁၀) ပါး

(၁)     ဒါန ပါရမီ၊
(၂)     သီလ ပါရမီ၊
(၃)     နိက္ခမ ပါရမီ၊
(၄)     ပညာ ပါရမီ၊
(၅)     ဝီရိယ ပါရမီ၊
(၆)     ခန္တီ ပါရမီ၊
(၇)     သစ္စာ ပါရမီ၊
(၈)     အဓိဋ္ဌာန် ပါရမီ၊
(၉)     မေတ္တာ ပါရမီ၊
(၁၀)    ဥပေက္ခာ ပါရမီ။

(၁)    ဒါန ပါရမီ
ဒါနသည် စွန့်ခြင်း လက္ခဏာ ရှိ၏၊ ငြိတွယ်သော လောဘကို ဖျက်ဆီးခြင်း ကိစ္စ ရှိ၏၊ မငြိ မတွယ်ခြင်းလျှင် ဉာဏ်၌ထင်သော အခြင်းအရာ ရှိ၏၊ စွန့်လှူထိုက်သော ဝတ္ထုလျှင် နီးစွာသောအကြောင်း ပဒဋ္ဌာန် ရှိ၏။

(၂)    သီလ ပါရမီ
သီလသည် ကိုယ်,နှုတ် နှစ်ပါးကို သိမ်းဆည်းသောအား ကောင်းစွာထားခြင်း လက္ခဏာ ရှိ၏၊ မကောင်းသော ကိုယ်,နှုတ်အမှု ဟူသော အကုသိုလ် ဓမ္မကို ဖျက်ဆီးခြင်း ကိစ္စရှိ၏ ကိုယ်,နှုတ် အမှု ဖြူစင် သန့်ရှင်းခြင်း လျှင် ထင်သော ပစ္စပဋ္ဌာန်ရှိ၏၊ မကောင်းမှု တို့ပြုရန် ရှက်,ကြောက်ခြင်းလျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန် ရှိ၏။

(၃)    နိက္ခမ ပါရမီ
နိက္ခမသည် ကာမမှ လည်းကောင်း, ဘဝမှ လည်းကောင်း ထွက်ခွာ ကျွတ်လွတ်ခြင်း လက္ခဏာ ရှိ၏။ ကာမ၏ အပြစ်, ဘဝ၏အပြစ် တို့ကို အလင်းထင်အောင် ပြခြင်း ကိစ္စ ရှိ၏။ ထိုကာမ ဘဝကိုသာလျှင် မတွေ့လိုမှု, မျက်ကွယ်ပြု လိုသော အဖြစ်လျှင် ထင်သော ပစ္စပဌာန် ရှိ၏၊ ကာမဘေး, ဘဝဘေး တို့မှ ထိတ်လန့်သော အကြောင်း ပဒဌာန် ရှိ၏။

(၄)    ပညာ ပါရမီ
ပညာသည် သဘာဝ ဟုတ်မှန်တိုင်းသော သဘောတရားကို ထိုးထွင်း၍ သိမြင်ခြင်း လက္ခဏာ ရှိ၏။ ဉာဏ်၏အရာ အာရုံ ဓမ္မ သဘာဝကို ထွန်းပြခြင်း ကိစ္စ ရှိ၏။ မတွေမဝေခြင်းလျှင် ထင်သော ပစ္စုပဋ္ဌာန် ရှိ၏။ စိတ်၏ တည်ကြည်ခြင်းလျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန် ရှိ၏။

(၅)    ဝီရိယ ပါရမီ
ဝီရိယသည် အားသစ် ကြိုးပမ်းခြင်း လက္ခဏာ ရှိ၏၊ စိတ်ကို မလျော့မရဲ ခိုင်မြဲ တင်းရင်းအောင် ထောက်ပံ့ခြင်း ကိစ္စ ရှိ၏၊ မတွန့်မဆုတ် ခြင်းလျှင် ထင်သော ပစ္စုပဌာန် ရှိ၏၊ ဇာတိဘေး, ဇရာဘေး, ဗျာတိဘေး, မရဏဘေး, စသည်တို့ကို တွေးမိလေတိုင်း အလှိုင်းတကြီး အားသည်းဆွေ့ခုန် နှလုံးတုန်ခြင်းလျှင် နီးစွာသော အကြောင်း ပဒဌာန် ရှိ၏။

(၆)    ခန္တီ ပါရမီ
ခန္တီသည် နှလုံးခိုင်ခန့်ခြင်း လက္ခဏာ ရှိ၏၊ လောက ဓလေ့ ကြိုက်ကြုံတွေ့လည်း မရွေ့မယိုင် သည်းခံနိုင်ခြင်း ကိစ္စ ရှိ၏၊ သူတထူးတို့ ကျူးကျူး လွန်လွန် ဝန်တာပြစ်ဖို့ ပြု့သည်တို့ကို သူသို့တဖန် အမျက်မာန်ဖြင့် လှန်ပြန် မရှိ သည်းခံချိခြင်းလျှင် ထင်သော ပစ္စုပဋ္ဌာ ရှိ၏၊ ဟုတ်မှန် တိုင်းသော ဓမ္မ သဘောကို မြင်နိုင်သော ဉာဏ်လျှင် ပဒဋ္ဌာန် ရှိ၏။

(၇)    သစ္စာ ပါရမီ
သစ္စာသည် သူတပါးကို မှတ်မှား,ယူမှား တိမ်းပါးချော်ချွတ်အောင် မပြုခြင်း လက္ခဏာ ရှိ၏၊ မိမိသိတိုင်း မြင်တိုင်း ဟုတ်မှန် တိုင်းကိုသာ အလင်းဖွင့်ပြခြင်း ကိစ္စ ရှိ၏၊ မြွက်ဆိုသမျှ ယုံကြည်ရ၍ သြဇာနှစ်ဆီ ချိုဆိမ့်အီသော စကား ရှိသည်၏ အဖြစ်လျှင် ထင်သော ပစ္စုပဋ္ဌာန် ရှိ၏၊ ကိုယ်အမှု, နှုတ်အမှု ဖြူဖြောင့်မွေ့ခြင်း၌ အလေးဂရုပြုခြင်းလျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန်ရှိ၏။

(၈)    အဓိဋ္ဌာန် ပါရမီ
အဓိဋ္ဌာန်သည် သဗ္ဗညု ဗောဓိ- ပစ္စေက ဗောဓိ- သာဝက ဗောဓိ ဟူသော ဗောဓိသုံးမျိုးတို့၏ အချေမူလ သမ္ဘာရ ဖြစ်ကုန်သော ဒါနမှု, သီလမှု, နိက္ခမမှု, ပညာမှု စသည်တို့၌ မရွေ့မယိုင် ကြံ့ခိုင်စွဲမြဲခြင်း လက္ခဏာ ရှိ၏၊ ထိုသမ္ဘာရမူ တို့၏ ဆန့်ကျင်ဘက် အသင်းကို နှိပ်နင်း ပယ်ရှားခြင်း ကိစ္စ ရှိ၏၊ ထိုသမ္ဘာရမူတို့၌ မလှုပ်မရှားသည်၏ အဖြစ်လျှင် ထင်ရှားသော ပစ္စုပဋ္ဌာန် ရှိ၏၊ ဒါန စသော ဗောဓိမူလ တရားစုလျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန် ရှိ၏။
(၉)    မေတ္တာ ပါရမီ
မေတ္တာသည် သတ္တဝါတပါး ကျေးဇူးများအံ့သော အခြင်းအရာအားဖြင့် ဖြစ်ခြင်း လက္ခဏာ ရှိ၏၊ သူတပါး၏ ကောင်းကြိုးကို လွန်စွာ သယ်ပိုးခြင်း ကိစ္စ ရှိ၏၊ လပြည့်ဝန်း ကဲသို့ ရွှန်းရွှန်းကြည်ဆွ အေးမြ ငြိမ်းချမ်းသော စိတ်သဘောလျှင် ထင်သော ပစ္စုပဋ္ဌာန် ရှိ၏၊ သတ္တဝါတို့၏ နှစ်သက်ဖွယ်သော ဂုဏ်ကိုသာ ရှုမြင်တတ်သော ဉာဏ်လျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန် ရှိ၏။

(၁၀)  ဥပေက္ခာ ပါရမီ
ဥပေက္ခာသည် ချီးမြှောက်, ရှုတ်ချ နှစ်ဌာန၌ တူမျှ သမှု လျစ်လျူရှုသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း လက္ခဏာ ရှိ၏၊ ညီမျှသော သဘောအားဖြင့် ရှုခြင်း ကိစ္စ ရှိ၏၊ မုန်းသည်, ချစ်သည် နှစ်မည်နှစ်သင်း ကင်းငြိမ်းခြင်းလျှင် ထင်သော ပစ္စုပဋ္ဌာန် ရှိ၏၊ ဘယ်သူမပြု မိမိမှုဟု အရှုအဆင်ခြင်း ကောင်းစွာမြင်သော ဉာဏ်ပညာလျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန် ရှိ၏။

·         ဤတွင် ပါရမီ ဆယ်ပါးတို့၏ အသီးသီးသော သဘော လက္ခဏာကို ပြဆိုသော အခန်း ပြီး၏။

                                        နိဿိတ နှင့် အနိဿိတ ခွဲနည်း

ထို ပါရမီ ဆယ်ပါး တို့တွင် တပါး, တပါး တို့၌ နိဿိတ နှင့် အနိဿိတ ဟူ၍ နှစ်ပါး, နှစ်ပါးစီ ရှိကြ၏။ နိဿိတ တွင်လည်း "တဏှာနိဿိတ နှင့် ဒိဋ္ဌိနိဿိတ" ဟူ၍ နှစ်ပါးစီ ရှိပြန်၏။ ဘဝ သမ္ပတ္တိကို တောင့်တလျက် ဖြစ်စေအပ်သည် ရှိသော တဏှာကိုမှီတွယ် သည်မည်၏၊ အလေ့အကျက်ဖြင့် ကိလေသာမှ စင်ကြယ်၏ ဤသို့ သုဒ္ဓိဒိဋ္ဌိ ဖြင့် ဖြစ်စေအပ်သည် ရှိသော ဒိဋ္ဌိကို မှီတွယ်သည် မည်၏။ ဘဝသမ္ပတ္တိ, ဘောဂ သမ္ပတ္တိ သို့ညွတ်သော စိတ်ဖြင့် ပြုသည်ရှိသော တဏှာနိဿိတ မည်၏၊ ပါရမီ ကုသိုလ်မျိုး မဟုတ်။ ဤတွင် အလောင်းတော် စမ္ပေယျ နဂါးမင်း, သင်္ခါပါလ နဂါးမင်းတို့၏သို့ ပါရမီ ဖြည့်ခွငိ့ရအောင် လူ့ဘဝ ကိုတောင်းတမှု ကိုကား နိဿိတမဆိုသာ။ ဒါနမှု, လောကီသီလမှု- တခုခုသော နိက္ခမမှု စသည်၌ တည်၍ ဤအကျင့်သည်သာလျှင် သံသရာမှ စင်ကြယ် စေနိုင်၏၊ ဤပြင် စင်ကြယ်စေနိုင်သောနည်းလမ်း မရှိပြီဟု ဝိပဿနာ မဂ်,ဖိုလ် တို့ကို ပစ်ပယ်၍ ပြုသော ကု သိုလ်မှုသည် ဒိဋ္ဌိ နိဿိတ မည်၏။ ဤကား ပါရမီ ကုသိုလ်မျိုး မဟုတ် ဝဋ္ဋနိဿိတ ကုသိုလ်နှစ်မျိုးတည်း။
အနိဿိတ သည်လည်း လောကီကုသိုလ်, လောကုတ္တရာ ကုသိုလ် ဟူ၍ နှစ်ပါးရှိ၏။ ထိုနှစ်ပါး တို့သည် မျိုးစေ့ မူလ သမ္ဘာရ ဖြစ်သော အနိဿိတ ကုသိုလ် မည်၏။
ဘဝသမ္ပတ္တိ, ဘောဂ သမ္ပတ္တိ တို့သို့ ညွတ်သော စိတ်လည်း မရှိ၊ ဒိဋ္ဌိ နှင့်လည်း မယှဉ်၊မိုးကောင်းကင် သဖွယ် အတွယ်အတာ မရှိမူ၍ ဗောဓိ တည်းဟုသော တဖက်ကမ်းသို့ တမ်းတမ်း စူးစူး အထူးရည်ရွယ်၍ စင်ကြယ်သော စိတ်ဖြင့် ပြုအပ်သော ဒါနမှု, သီလမှု, နိက္ခမမှု, ပညာမှု, ဝိရိယမှု, ခန္တီမှု, သစ္စာမှု, အဓိဋ္ဌာန်မှု, မေတ္တာမှု, ဥပေက္ခာမှု များသည်သာ ပါရမီ ကုသိုလ်မျိုး ဖြစ်သတည်း။ ယခု ကာလ၌ "နိဗ္ဗာန်" ကို ရပါလို၏၊ အကြင်မျှလောက် နိဗ္ဗာန်ကို မရသေး, ထိုမျှလောက် ကာလ၌ , ဆို၍ ဘဝ သမ္ပတ္တိ, ဘောဂသမ္ပတ္တိ တို့ကို ရေစက်ချ ဆရာ အာဝဇ္ဇန်းရှိတိုင်းချဲ့ကြကုန်၏။ နိဗ္ဗာန် မှာအသံမျှသာ ပါတော့သည်။ အများကြိုက်ရာ နောက်ပိုင်းမှာမူ အာဝဇ္ဇန်း ရှိသမျှ ဆန်းကြယ် ကြကုန်၏။ ဤသို့ ကုသိုလ် ကြောင်မြစ်များကို ပယ်ရှားတော်မူခြင်းဌာ တေဿဝ ၌ ဧဝသဒ္ဒါကို မိန့်ဆိုတော်ပေ၏။
 အမေး။                   နိဗ္ဗာန် နှင့် သမ္ပတ္တိ နှစ်ပါး တွဲဖက် တောင်းတ၍ ပြုကြသော ယခုကာလ ကုသိုလ်မှု
များသည် ပါရမီကုသိုလ် ဆိုထိုက်မည် မဆိုထိုက်မည်။

အဖြေ။          ဆိုထိုက်ပါ၏။ ဆိုထိုက်သောလည်း ဗောဓိဉာဏ်ကို မြန်မြန် ဆိုက်စေနိုင်သော ကု သိုလ်မျိုးကား မဟုတ်။

ဝိပဿီ ဘုရားမပွင့်မီ သာသနာပ၌ ဇောတိက သူဋ္ဌေးအလောင်း ကြံခင်းလုပ် ညီနောင် နှစ်ယောက် သည် ပစ္စေကဗုဒ္ဓ အရှင်အား ကြံရည်လှူဒါန်း၍ ဆုတောင်းကြရာ အစ်ကိုကား-" အရှင်ဘုရား ရသိသော တရားကို ရသိပါလို၏။" ဟု တိုတို ဆုတောင်းသည်။ ညီဖြစ်သူ ဇောတိက သူဋ္ဌေးလောင်းက "အရှင်ဘုရား ရသိသော တရားကို ရသိရပါလို၏" ဆိုပြီးနောက် အကြင်မျှလောက် ချီပြန်၍ သမ္ပတ္တိ နှစ်ပါးကို နောက်ဖျားက ဆွယ်ပြန်၏။ ဝိပဿီ ဘုရား အပွင့်တွင် ဆုတောင်းတိုသော အစ်ကိုဖြစ်သူ အကျွတ်ရလေ၏။ ညီဖြစ်သူ ဇောတိက အလောင်းကား ဆုတောင်း လူးလဲသည့် အတွက် ဝိပဿီ ဘုရား လက်ထက်တွင် မကျွတ်နိုင်မူ၍ ခြောက်ဆူသော ဘုရားကို လွန်ပြီးနောက် ငါတို့ဘုရား လက်ထက်မှာမှ အကျွတ်ရလေသည်။ ကုသိုလ်ပြုစဉ် အခါ၌ ဘဝ သမ္ပတ္တိတဏှ- ဘောဂ သမ္ပတ္တိ တဏှ အစေးအချွဲ ဖက်တွဲခဲသည် ရှိသော ထိုကုသိုလ် အကျိုး ပေးရာ ဘဝတို့၌ အထွတ်အမြတ် တရားနှင့် တွေ့သောလည်း တရားဘက်ကို မပါနိုင်ရှိလေ၏။ ကုသိုလ် ပြုစဉ် အခါ၌ ဘဝ တဏှာ- ဘောဂ တဏှာ အလှုးအလဲ မရှိ ဝိဝဋ္ဋမျိုး သက်သက် ဖြစ်ခဲသည် ရှိသော ထိုကုသိုလ် အကျိုးပေး၍ ပဒေသရာဇ် ဧကရာဇ် စကြာမန္ဓာတ် စည်းစိမ်၌ပင် တည်ငြားသော်လည်း တရားနှင့် တွေ့ခဲ့လျှင် ထိုစည်းစိမ်ကို ခဏချင်း စွန့်နိုင်၏။
ဆုံးမ သင်ကြားသော ဆရာလည်း နေရာကျရန် လိုလှ၏။ ဝိဓုရ ဇာတ်တော်မှာ ဈာန်ရ ရသေ့ လေးဦးကို ဆွမ်းကျွေးသော သူဋ္ဌေးကြီး လေးဦးတွင် နှစ်ဦးသော သူဋ္ဌေးကြီးတို့သည် မိမိတို့ ဆရာ ရသေ့ စကားကို နာခံ၍ တိရစ္ဆာန် ဂဠုန်၊နဂါး ဖြစ်ကြလေကုန်၏။ နှစ်ဦးသော သူဋ္ဌေး တို့သည် လူမင်း,သိကြားမင်း ဖြစ်ကြကုန်၏။ ဤသို့ ဆရာပြုလုပ်သူ အတွက်ကြောင့် လက်အောက် တပည့်သား အမှားခြေမြစ် မနစ်တန် နစ်ရသော အရာများကိုလည်း အထူး သတိထားကြ ရမည်။

နိဿိတ အနိဿိတ ခွဲခန်းပြီး၏။

ဟီန, မဇ္ဈိမ, ပဏီတ သုံးပါး ခွဲနည်း

ထိုဆယ်ပါးသော ဒါန, သီလ, နိက္ခမ စသည်တို့တွင် တပါးတပါးသည် ဟီန, မဇ္ဈိမ, ပဏီတ ဟူ၍ သုံးပါး သုံးပါးစီ ရှိကြ၏။အကျော်အစောကို လိုသော စိတ်ဖြင့် ဖြစ်စေအပ်သည် ရှိသော (ဟီနံ)အယုတ်တည်း။ ကုသိုလ် ၏အကျိုးကို လိုလား ငဲ့ကွက်သော စိတ်ဖြင့် ဖြစ်စေအပ်သည် ရှိသော (မဇ္ဈိမံ)အလတ်တည်း။ ဤအမှုကား ပြုသင့်ပြုထိုက်သော အမှုပေသာတည်း။ ဤသို့ အရိယာနွယ် စင်ကြယ် ဖြူဖြောင့်သော သူတော်ကောင်း အလေ့ကို မှီ၍ ဖြစ်စေအပ်သည် ရှိသော် (ပဏီတံ)အထွတ်အမြတ်တည်း။ 

·         ပထမကား-         ပကာသန စိတ်နှင့် ပြုသော ကုသိုလ်တည်း။ ဘဝ သမ္ပတ္တိ, ဘောဂ သမ္ပတ္တိ ကိုမျှ လှလှပေးနိုင် သော ကုသိုလ်မျိုး မဟုတ်၊ ပါရမီ အဖြစ်နှင့် ဝေးစွ။
·         ဒုတိယကားအကျိုးကိုလိုလားသော စိတ်ဖြင့် အလှူခံ ပုဂ္ဂိုလ်ကို အယုတ်အမြတ် ရွေးချယ်မှုတို့၊ အကျိုးကြီး ရာသော နည်းလမ်းကို ရွေးချယ်မှုတို့နှင့် ပြုသော ကုသိုလ်တည်း။ ဘဝ,ဘောဂ ကိုပေးနိုင်၏၊ ပါရမီ ကုသိုလ်မျိုးမဟုတ်။
·         တတိယကား- အမှု ကိုသာ အလေးဂရု အထူးပြုသည်။ အကျိုးကို အမှုမစိုက်။ မိမိ လက်ရှိ ပစ္စည်းဝတ္ထုကို သူတပါးတို့နှင့် မကန့်မကွက် ဆက်ဆံသည်ကိုပြု၍ သုံးဆောင်မှုသည် အရိယာလောင်း သူတော်ကောင်းတို့၏ အစဉ် ထုံးတမ်း သွားမြဲလမ်းပေတည်း။ ငါသည်လည်း အလောင်းအလျာ အရိယာတို့ လမ်းကို လိုက်ထိုက်သည်။ မိမိပိုင်ထိုက်သော ပစ္စည်ဥစ္စာကို သူတပါးတို့နှင့် ကန့်ကန့်ကွက်ကွက် မဆက်ဆံသည်ကို ပြု၍ သုံးဆောင် ခြင်းသည် ပုထုဇန်တို့၏ အစဉ်ထုံးတမ်း သွားမြဲလမ်းပေတည်း။ ငါသည် ထို ပုထုဇန် တို့လမ်းကို လိုက်ခြင်းဌာ မထိုက်။ ဤသို့နှလုံးထား၍ မိမိပိုင်ထိုက်သော ပစ္စည်းဥစ္စာကို အယုတ်, အလတ်, အမြတ် သုံးပါးသူ အများနှင့်အညီအမျှ ဆိုင်ပိုင်ကြသော ဘုံပစ္စည်းကိုကဲ့သို့ မျှဝေ လှူဒါန်း ပေးကမ်း စွန့်ကြဲသော ဒါန ကုသိုလ်သည် အရိယာ ဘဝကို မှီ၍ပြုသော ကုသိုလ်မည်၏။ ပါရမီ ကုသိုလ်မျိုးတည်း။ သီလမှု, နိက္ခမမှုစသည်တို့၌လည်း ဤနည်း အတိုင်း အကျိုးကို အာရုံမပြုပဲ အမှုကိုသာ အလေးဂရု အထူးပြု၍ ဖြစ်စေနိုင်မှသာ ပါရမီ မျိုး ဖြစ်သည်ဟု မှတ်လေ။

တဏှာ၏ အလိုနှင့်တကွ ဘဝ သမ္ပတ္တိ, ဘောဂသမ္ပတ္တိ အကျိုးဌာ ဖြစ်စေအပ်သော သီလသည် အယုတ်တည်း။ မိမိ၏ ဘဝ သမ္ပတ္တိ, ဘောဂ သမ္ပတ္တိ တို့မှ လွတ်ခြင်းဌာ ဖြစ်စေအပ်သော သီလ သည် အလတ်တည်း။ ခပ်သိမ်းသော သတ္တဝါတို့ကို ဘဝသမ္ပတ္တိ, ဘောဂသမ္ပတ္တိ တို့မှ လွတ်စေခြင်းဌာ ဖြစ်စေအပ်သော ကမ်းတဖက် ရောက်သော သီလသည် အမြတ်တည်း။
ဝဋ်ဒုက္ခမှ ကျွတ်လွတ်ခြင်း ဆိုသည်နှင့် ဘဝ သမ္ပတ္တိ, ဘောဂ သမ္ပတ္တိ တို့မှ ကျွတ်လွတ်ခြင်း ဟူသည် အတူတူပင်တည်း။.    ။ရှေ့သုံးမျိုး၌ အကျိုးကို လိုလား၍ ပြုသော ဒုတိယ ကုသိုလ်သည် ဤသုံးမျိုးမှာ ဟီန ဖြစ်လာ၏၊ ပါရမီ မြောက်သော ကုသိုလ်မျိုး မဟုတ်၊ အယုတ် အညံ့မျိုးသာတည်း။

ဟီန, မဇ္စျိမ, ပဏီတ ၃- မျိုးခွဲနည်း ပြီး၏။

(ဤတွင် ဒါန စသော ဆယ်ပါးသော ကုသိုလ်မှုတို့၌ ပါရမီ မြောက်ထိုက်သော ကုသိုလ် ဆယ်ပါး မမြောက် ထိုက်သော ကုသိုလ် ဆယ်ပါးကို ခြားနား၍ ပြပြီး။)



ပါရမီ အဓိပ္ပယ် ခွဲနည်း
ယခုအခါ အသီးသီးသော ပါရမီ ဓမ္မတို့၏ အဓိပ္ပာယ်ကို ပြဆိုပေအံ့။

(၁) ဒါနံ။      ။စွန့်ကြဲပေးကမ်း လှူဒါန်း ပူဇော် ချီးမြောက်ခြင်း။ မိမိ၌ ရရှိသမျှသောပစ္စည်း, ဥစ္စာတို့ကို ငါ့ဥစ္စာ ဟူသော အမှတ် အကျပ်အတည်း မရှိစေမူ၍ သီလဝန္တ ကလျာဏဂိုဏ်းဝင် လူရှင် အများတို့နှင့် ဆက်ဆံ ဆိုင်ဆည်သည်ကို ပြု၍ သုံးဆောင်ခြင်းသည် အဂ္ဂဋိဝိဘတ္တဘောဂီ မည်၏။ အထက်၌ အယုတ်အလတ်အမြတ် မရွေးမချယ်ဟု ဆိုခဲသည်မှာ ရောက်လာသော အလှူခံကိုဆိုသည်။ ဤသို့ သီလဝန္တကလျာဏဂိုဏ်းဝင် လူရှင် အများဟု ဆိုသည်မှာ ဓမ္မသမ္ဘောဂ ပြုထိုက်လှသော ပုရိသဝိသေသတို့ကို ဆိုသည်။ ထိုသို့သော ပုရိသ ဝိသေသ တို့ကိုမူကား သာဓာရဏ သမ္ဘောဂ ဖြစ်စေခြင်း အကျိုးဌာ ကောင်းစွာအားထုတ်၍ ပူဇော်လှူဒါန်းခြင်း အမှုကို ပြရာသတည်း။

                                                       ဒါန ပြီး၏။

(၂) သီလ။    ။သီလသည် ဝါရိတ္တသီလ ၊ စာရိတ္တသီလ ဟူ၍ နှစ်မျိုးရှိ၏။ကာယဒုစရိုက်- ၃ပါး၊ ဝစီဒုစရိုက်- ၄ ပါးတို့ကို မကျူးမလွန် ရအောင် စောင့်ထိန်းမှုသည် ဝါရိတ္တသီလ မည်၏။ ဘုရား,တရား,သံဃာ,ဆရာ,မိဘ ဖြစ်သော သူတို့၌ အရိုအသေပြုထိုက်သော အခွင့်တို့ကို သိ၍ အရိုအသေပြုခြင်း အမှုသည်လည်းကောင်း၊ တွေ့မြင် ရသော သူတို့၌ ကုသိုလ်ဖြစ်ထိုက်သော ဝေယျာဝစ္စ အခွင့်ကို မြင်လျှင် ကိုယ့်အမှုကဲသို့ အကျိုးကို လိုလား၍ ကျိုးစားအားထုတ်ခြင်း အမှုသည်လည်းကောင်း စာရိတ္တသီလ မည်၏။

                                                       သီလ ပြီး၏။

(၃) နိက္ခမ။    ။နိက္ခမ ဆိုသည်ကား တရားကိုယ် အားဖြင့် အလောဘ ပြဋ္ဌာန်းသော ကုသိုလ်တည်း။ ထို့ကြောင့် အိမ်၌ပင် နေသောလည်း တဏှာ,ရာဂ,လောဘ ဖြစ်တတ်သော အာရုံဝတ္ထုကို သိ၍ အသုဘ မနသိကာရ၊ ပဋိကူလ မနသိကာရ များကို နှလုံးထား၍ လောဘကို ပယ်ရှား၍ နေသောအခါ နိက္ခမ ကုသိုလ်ဖြစ်၏။ ထိုထက် စွမ်းနိုင်ပါလျှင် အာရုံ ကင်းရှင်းရာသို့ ထွက်၍ လည်းကောင်း၊ ဖန်ရည်ဆိုးသော အဝတ်ကို ဝတ်သော လူသူတော်၊ ရသေ့ သူတော်၊ ပရိဗိုဇ် သူတော် အဖြစ်သို့ရောက်အောင် ထွက်၍၊ ထို့ထက် တတ်နိုင်ပါမူ သာမဏေ အဖြစ်, ရဟန်း အဖြစ်တိုင်အောင် ထွက်၍၊ ထို့ထက် တတ်နိုင်ပါမူ ပထမဈာန် ကိုရသော ဈာနလာဘီ အဖြစ်သို့ရောက်အောင် ထွက်၍- ထို့ထက် တတ်နိုင်ပါမူ အနာဂါမ် အရိယာ အဖြစ်သို့ ရောက်အောင် ထွက်၍ လောဘ တရားကို ပယ်ရှားမှုသည် နိက္ခမ ကုသိုလ်ချည်းပေတည်း။

                                                       နိက္ခမ ပြီး၏။


(၄) ပညာ။    ။ပညာသည် လောကီ၊ လောကုတ္တရာ နှစ်မျိုး ရှိ၏။ ပညာ ပါရမီကို ရည်စူး၍ ပိဋကတ် သုံးပုံ ပညာကို နာခံ, မှတ်သား, သင်ကြား, ပို့ချပြသ ပြောဟောခြင်း အမှု- အပြစ် မရှိသော ဗေဒင် ဟူးရား မန္တရား ဂါထာ ဗိန္ဓော ပဉ္စဘုတ် စသော ဝိဇ္ဇာဌာန ပညာမျိုး- အပြစ် မရှိသောအသက်မွေးမှု၌ ကျေးဇူးများသော စက်အတတ်မျိုး- ဂဏန်း အတတ်မျိုး- ပန်းချီ ပန်းပု ပန်းပဲ ပန်းရံပန်းတိမ် ပန်းတဉ်း စသော အတတ်မျိုး အပြစ် မရှိသော အသက်မွေးမှု၌ ကျေးဇူးများသော ကုန်သည် အမှု, တောင်သူလယ်လုပ်မှု စသော အတတ်မျိုး ဤသို့သော ဝိဇ္ဇာဌာန တို့ကို ပညာ ပါရမီဖို့ရည်စူး၍ အထူးစင်ကြယ်သော စိတ်ဖြင့် သင်ကြားပြသမှုသည် ပညာ ပါရမီ အဆောက်အဦးပေတည်း။

                                                      ပညာ ပြီး၏။

(၅) ဝီရိယ။    ။ဝီရိယ ပါရမီမှာ သမ္မပ္ပဓာန် ဝီရိယသည် အထွတ်အထိပ် ဖြစ်၏။ထိုမှတပါး သူတပါးတို့၏ အကျိုးစီးပွားနှင့် စပ်၍ ကောင်းမြတ် စင်ကြယ်သော နှလုံးဖြင့် သူတပါးတို့ မစွမ်းနိုင်သော အရာ- စွမ်းနိုင်သော အရာတို့၌ လွန်မင်းစွာ ကြိုးပမ်းခြင်းသည် ဝီရိယ ပါရမီတည်း။

                                                   ဝီရိယ ပါရမီ ပြီး၏။

(၆) ခန္တိ။               ။ခန္တိသည် သတ္တဝါတို့ ပြုသောအမှု၌ သည်းခံခြင်း၊ အချမ်း, အပူ စသည်တို့၌ သည်းခံခြင်း နှစ်မျိုး ရှိ၏။ သတ္တဝါတို့၌ သည်းခံခြင်းမှာ ထင်ရှားပြီ။ ချမ်းမှု, အေးမှု နှိပ်စက်သည်ကိုလည်း သည်းခံနိုင်သည် ဖြစ်၏။ လိုရင်းမှာ လောက၌ ကိုယ်တွင်းမှ ဖြစ်သော ဒုက္ခဓမ္မမှု၊ ကိုယ်ပမှ ဖြစ်သော ဒုက္ခဓမ္မမှု တို့ကို တွေ့ကြုံငြားသောလည်း စိတ်၏- ညစ်ညူးခြင်း မရှိ၊ ညည်းညူးခြင်း မရှိ နှလုံး မသာခြင်း မျက်နှာမသာခြင်း မရှိ၊ ပြုမြဲတိုင်းသော ကုသိုလ်မှု စီးပွားမှုတို့ကို အလစ်အလတ် မခံ၊ ကြည်လင်သန့်ရှင်း တင်းရင်းခိုင်ခန့်စွာ ပြုသော အဒေါသ ပြဋ္ဌာန်းသော ကုသိုလ်စိတ္တုပ္ပာဒ်စု ကိုခန္တိ ပါရမီ အဆောက်အဦ ဆိုသတည်း။

                                                        ခန္တိ ပြီး၏။

(၇) သစ္စာ။    ။သစ္စာ မည်သည်ကား မုသားကို အချင်းခပ်သိမ်း ပယ်ခြင်းတည်း။

                                                       သစ္စာပြီး၏။

(၈) အဓိဋ္ဌာန်။ ။အဓိဋ္ဌာန် ဆိုသည်ကား- ဤအမှုကို ပြုမည်ဟု နှုတ်ပဋိညာဉ်- စိတ်ပဋိညာဉ် ထားပြီးသည် နောက် ပြောင်းရွေလှုပ်ရှားခြင်း၏ မရှိခြင်းတည်း။

                                                   အဓိဋ္ဌာန်ပြီး၏။

(၉) မေတ္တာ။   ။မေတ္တာ ဆိုသည်ကား တွေ့သမျှ, မြင်သမျှသော သတ္တဝါကို ချမ်းသာစေချင်သောစိတ်၊ ကောင်းစေခြင်သော စိတ် အမြဲ တည်ခြင်းတည်း။

                                                        မေတ္တာပြီး၏။

(၁၀) ဥပေက္ခာ။            ။ဥပေက္ခာ ဆိုသည်ကား - မိမိကို ကြည်ညို လေးမြတ်သောသူ၊ ပူဇော်သောသူ၊ ချီးမွန်း သောသူ ဟူ၍လည်း သာယာခင်မင်စိတ် အထူးမရှိ။ မိမိကို ပြစ်တင် ပြစ်မှား ပြုသောသူ၊ ညှဉ်းပန်းနှိပ်စက် သောသူ၊ ကဲရဲသောသူ ဟူ၍လည်း မသာယာခြင်း , မုန်းခြင်း မရှိ။ ထိုသူ နှစ်ဦးတို့၌ စိတ် နှစ်မျိုး မရှိခြင်းကို ဥပေက္ခာ ပါရမီ ဆိုသည်။

                                                      ဥပေက္ခာ ပြီး၏။.

·         ခန္တိပါရမီ နှင့် ဥပေက္ခာပါရမီ နှစ်ပါး ခိုင်လုံမှ ကြွင်းသောပါရမီ ရှစ်ပါးတို့လည်း ချောမောနိုင်ကုန်သည်။

အမိဝမ်းမှ မွေးပွား၍လာသော သူငယ်တို့သည် အမိအဖတို့ ကောင်းစွာ စောင့်ရှောက်ကုန်မှ အသက်ရှည်၍ လူလားမြောက်နိုင်ကုန်သည်။ အမိအဖတို့ မစောင့်ရှောက်ကြကုန် မူကား- မွေးပွားသော နေရာ၌ပင် ခြောက်သွေ့၍ သေဆုံးကြ လတ္တံ။
ဤအတူမှတ်။   ။ခန္တိသည်အမိနှင့် တူ၏။ ဥပေက္ခာသည် အဘနှင့် တူ၏။ ခန္တိ, ဥပေက္ခာ နှစ်ပါးရှိ၍ ကုလိုလ်မှု ချောမောပြန်လျှင် နိက္ခမပါရမီ စောင့်ရှောက်မှ ပြုသမျှသော ကုသိုလ်သည် ပါရမီ ကုသိုလ်အဖြစ်သို့ ရောက်နိုင်သည်။ နိက္ခမပါရမီ အစောင့်အရှောက် မရှိလျှင် ကုသိုလ်အကျိုးကို ရလိုသော သာယာသော တဏှာဥပဒ် ကပ်ရောက်၍ ပါရမီ ကုသ်ုလ်မဟုတ်။ ထိုသူငယ်တို့သည် အမိအဖတို့ စောင့်ရှောက်ကုန်သော လည်း ဆေးသမား အစောင့်အရှောက် မရှိပြန်လျှင် ညှောမှု၊ သင်းမှု၊ အစားမှု၊ အသောက်မှု၊ အတွက်နှင့် ရောဂါဥပဒ် ကပ်ရောက်၍ ရောဂါဆိုး ဖြစ်ကြကုန် သကဲသို့ မှတ်။.  ။ မြေ၌ ပေါက်ရောက်သော မြက်, သစ်ပင် တို့သည် မြေ- ရေ နှစ်ပါး စောင့်ရှောက် ချီးမြောက်မှ ကြီးပွားနိုင်ကုန်သည်။ ခန္တိ သည်မြေ ဥတုနှင့် တူ၏။ ဥပေက္ခာ သည်ရေ ဥတုနှင့် တူ၏။

ဗြဟ္မစိုရ် တရား ၄ ပါး၌ လာသော ဥပေက္ခာနှင့် ဤပါရမီ ဥပေက္ခာသည် အတန်ငယ် ကွဲပြားကြ၏။ ဗြဟ္မစိုရ်ရဲ ဥပေက္ခာကား- သတ္တဝါတို့၏ အကျိုးစီးပွား၌ ကြောင့်ကြစိုက်မှုကို ပယ်၍ဖြစ်သည်။ ပါရမီ ဥပေက္ခာ ကား- ပူဇော, ချီးမွမ်း ပြုသောသူ၊ နှိပ်စက် ကဲ့ရဲ့သောသူ နှစ်ဦးတို့၏ အကျိုးစီးပွားကို အထူးအခြား မရှိ၊ အတူအမျှ တွင်ကျယ် ဖြစ်ထွန်းအောင် ရွက်ဆောင်နိုင်ရန် တရားပေတည်း။
အလောင်းတော် မျောက်မင်းသည် အသူတရာနက်သော ချောက်၌ ကျ၍နေသော ပုဏ္ဏားကို ကျောကုန်း၌ထား၍ ကုန်းပေါ်သို့ တင်ပြီးနောက် မောပန်းလှ၍ ပုဏ္ဏား၏ ပေါင်ပေါ်၌ ခေါင်းထား၍ တစ်ခဏ အိပ်ပျော်လေ၏၊ ပုဏ္ဏားသည် တောမျောက်သားဖြင့် သားမယားကို မျက်နှာပြရန် ကြီးစွာသော ကျောက်ဖြင့် တစ်ချက်တည်းပြီး ထုလေ၏။ ဦးခေါင်းမှ သွေးအလျဉ် တို့သည် လေးမျက်နှာတို့၌ ဖြာဖြာပန်း၍ ထွက်ကုန်၏။ မျောက်မင်း၏ ကိုယ်အလုံးသည် သွေးအတိ လိမ်းကျံ၏။ ထိုအခါ ပုဏ္ဏားမှ အတန်ငယ် ခွာ၍ ပုဏ္ဏားကို ကြည့်ပြီးလျှင် ဤလောကမှာ သည်ကဲ့သို့သော သူများရှိပေသေးသည် တကားဟု- အံသြသော စကားကို ဆိုတောမူ၍ ထိုပုဏ္ဏားကို ရပ်ရွာသို့ ချမ်းသာစွာရောက်အောင် ပို့ဆောင်သော အခွင့်ကိုသာ အားထုတ် တော်မူသည်။ ထိုအခါ " ဤတောအရပ်သည် ခြင်္သေ့, သစ်ကျား, သားရဲ အလွန် ထူထပ်သည်၊ ကြာမြင့်၍ မလျော်၊ သင့်ရွာသို့ ရောက်အောင် ငါပို့မည်၊ ငါသည် သစ် တစ်ပင်မှတစ်ပင်သို့ ကူး၍သွားမည်၊ ငါ့ ဦးခေါင်းမှ ကျသော သွေးကြောင်းသွေးစက်ကို လမ်းပြု၍ လိုက်ခဲလော့"။ဟုဆိုပြီး ပို့ဆောင်လေ၏။

·         ဤဝတ္ထု၌ ချောက်၌ ကျ၍နေသော ပုဏ္ဏားကို မြင်သောအခါ မိမိ၏သားငယ် ကျ၍နေသည်ကို မြင်သကဲ့သို့ ပုဏ္ဏား၏အကျိုးကို တောင်းတလိုလားခြင်း အားကြီးစွာ ဖြစ်၍လာသော မေတ္တာ ပါရမီ တည်း။
·         အသူတရာနက်သော ချောက်မှ ကမ်းပေါ်သို့ ချောမောစွာ ရောက်နိုင်ရာသော အကြောင်းကို ရှာကြံသော ပညာ ပါရမီ တည်း။
·         ရှာကြံ၍ သိမြင်သည့်အတိုင်း သက်စွန့်ကြိုးပမ်း အားထုတ်သော ကိုယ် အမှုကား ဝီရိယ ပါရမီ တည်း။
·         ဦးခေါင်းကို ကြီးစွာသော ကျောက်နှင့် ထုရာ အရေထူအရေပါးတို့ပြတ်စုတ်၍ အရိုးကွဲမျှ ပြင်းထန်လှသော ဒုက္ခဒဏ်ချက်ကြီး ထိပါးသည်ကိုပင် နာသည်, ကျင်သည်ဟု အမှုမထား၊ ညစ်ညူးမှု- ညည်းညူမှု မရှိ၊ ပကတိ ကြည်လင်သော စိတ်အတိုင်း နေနိုင်သည်ကား- ခန္တိ ပါရမီ တည်း။ ဤအခါမှာ ခန္တိမရှိခဲလျှင် နာကျင်သည့် အတွက်နှင့် စိတ်ပျက်၍ကုန်လတ္တံ။
·         ဤသူ့ အကျိုးကို ဤမျှလောက် အပန်းခံ၍ ရွက်ဆောင်ဆဲ ဖြစ်သော ငါ့ကို ဤမျှလောက် အကျိုးမဲကြီးကို ပြုဘိသည်ဟု ပုဏ္ဏား၌ စိတ်မကွက်သည်ကား ဥပေက္ခာ ပါရမီ တည်း။ ဤအခါမှာဥပေက္ခာ မရှိခဲလျှင် ပုဏ္ဏားကို စိတ်ဆိုးသည့် အတွက်နှင့် စိတ်ပျက်၍ ကုန်လတ္တံ။ စိတ်ပျက်၍ကုန်မှုဆိုသည်ကား- ထိုပုဏ္ဏား၏ ရှေ့အကျိုးကိုလည်း ဆုံးခန်းတိုင်အောင် ဆောင်တော့မည် မဟုတ်။ နောက်က ဆောင်ခဲပြီးသမျှ ကုသိုလ်စုလည်း အချည်းနှီး ဖြစ်၍ ကုန်တော့မည် ဟူလိုသည်။ အလောင်းတော် သည်မူကား- အဇ္ဈတ္တသန္တာန်၌ ခန္တီ အခံ ရှိသည့် အတွက်ကြောင့် ပင်ပန်း, နာကျင်မှုကြောင့်လည်း စိတ် မကွက်။ ဥပေက္ခာ အခံ ရှိသည့်အတွက်ကြောင့် ပုဏ္ဏားကို စိတ်ဆိုးမှု နှင့်လည်း စိတ်မပျက်မူ၍ ဦးခေါင်းမှ ထွက်သော သွေးစက်သွေးကြောင်းကို လမ်ပြ၍ နေရပ်ဌာနသို့ ရောက်အောင် ပို့ဆောင်ပေးသတည်း။
·         ဤ၌ အသူတရာနက်သော ချောက်ကြီးဖြစ်၍ အခန့် မတော်လျှင် သေလောက်သော အချက်၌ ပုဏ္ဏား၏အတွက်နှင့် အသက်ကို စွန့်တော်မူသည်ကား ဒါန ပါရမီ တည်း။ပုဏ္ဏား၏ အသက်ကို ကယ်ဆယ်မှုသည်လည်း ဇီဝိတ ဒါနပင်။
·         အသက်ကို အသေပြုသော ပုဏ္ဏားကို ပြန်လှန်၍မနှိပ်စက်၊ ကြမ်းကြုတ်သော စကားကိုမျှ မဆိုမမြွက် စောင့်ရှောက်ချက်ကား သီလ ပါရမီ တည်း။
·         ပုဏ္ဏားကို ကယ်တင်သည့် အတွက်ကြောင့် ကောင်းမှုကုသိုလ်၏ အကျိုးကိုမျှ တောင်းတ သာယာခြင်း မရှိသည်ကား နိက္ခမ ပါရမီ တည်း။
·         ပုဏ္ဏား၏ အကျိုးကို အဆုံးရောက်အောင် ငါဆောင်မည်ဟု စိတ် ပဋိညာဉ် ထားသည့်အတိုင်း ပုဏ္ဏားပြုသော ဒဏ်ချက်နှင့် ဒုက္ခကြီးစွာ ဖြစ်လျက်ပင် မပျက်မကွက် အဆုံးတိုင် ဆောင်ရွက်သည်ကား သစ္စာ ပါရမီ,အဓိဋ္ဌာန် ပါရမီ တည်း။

                ပါရမီ ဆယ်ပါးတို့၏ သရုပ်သဘော အဓိပ္ပါယ် ၃ ချက်ကို ပြဆိုသော အခန်း ပြီး၏။

ပါရမီ ၃ မျိုးပြ
ပါရမီ ဆယ်ပါး၊ ဥပပါရမီ ဆယ်ပါး၊ ပရမတ္ထ ပါရမီ ဆယ်ပါး- တို့ကို ပြဆိုအံ့။

ဒါနပါရမီ......အစရှိသော ပါဌ်နှင့်အညီ မိမိကိုယ်အင်္ဂါမှ အပဖြစ်သော သားမယားနှင့် တကွ  သက်ရှိသက်မဲ့ ဥစ္စာမျိုးသည် ပါရမီဆယ်ပါး၏ ဝတ္ထုတည်း။.    ။ ဒါန ဥပပါရမီ...အစရှိသည်နှင့် အညီ ခြေ, လက်, မျက်စိ အစရှိသော ကိုယ်အင်္ဂါကြီးငယ်စုသည် ဥပပါရမီ ဆယ်ပါး၏ ဝတ္ထုတည်း။
ဒါန ပရမတ္ထပါရမီ.....အစရှိသည်နှင့် အညီ အသက် ခန္ဓာသည် ပရမတ္ထပါရမီ ဆယ်ပါး၏ ဝတ္ထုတည်း။
ထိုသုံးပါးသော ဝတ္ထုတို့တွင်...ပထမ ဝတ္ထုမျိုးကို စွန့်၍ ဖြစ်စေအပ်သော ကုသိုလ်မျိုးသည် ပါရမီ မည်၏။ ဒုတိယ ဝတ္ထုမျိုးကို စွန့်၍ ဖြစ်စေအပ်သော ကုသိုလ်မျိုးသည် ဥပပါရမီ မည်၏။ အသက်ကို စွန့်၍ ဖြစ်စေအပ်သော ကုသိုလ်မျိုးသည် ပရမတ္ထပါရမီ မည်၏။ ပထမ ဆယ်ပါးကိုသာဖြည့်စွမ်းနိုင်သော သူသည် "သာဝကဗောဓိ" သို့ရောက်၏။ ပထမ ဆယ်ပါး, ဒုတိယ ဆယ်ပါး တို့ကိုသာ ဖြည့်စွမ်းနိုင်သော သူသည် "ပစ္စေကဗောဓိ" သို့ ရောက်နိုင်၏။ ပထမ ဆယ်ပါး, ဒုတိယ ဆယ်ပါး, တတိယ ဆယ်ပါး အပြား သုံးဆယ်ကို ဖြည့်စွမ်း နိုင်သော သူသည် "သဗ္ဗညုဗောဓိ" သို့ ရောက်နိုင်၏။

ပါရမီသုံးမျိုး ခြားနားခန်း ပြီး၏။
သာဝကဗောဓိ သုံးပါးပြ

သာဝကဗောဓိ သည် ပကတိသာဝကဗောဓိ၊ မဟာသာဝကဗောဓိ၊ အဂ္ဂသာဝကဗောဓိ ဟူ၍သုံးမျိုးရှိ၏။
·         ပထမ ဆယ်ပါးကို ကမ္ဘာပေါင်း တစ်သင်္ချေ နှင့် ကမ္ဘာတစ်သိန်း မျှကာလကြာမြင့်အောင် ဖြည့်ကျင့်လျှင် အဂ္ဂသာဝကဗောဓိ သို့ရောက်နိုင်၏။ အဂ္ဂသာဝက ဆိုသည်ကား- အရှင်သာရိပုတ္တရာ, အရှင် မောဂ္ဂလာန် တို့ကဲ့သို့ လက်ယာရံ,လက်ဝဲရံကြီး နှစ်ပါးကို ဆိုလိုသည်။
·         ထိုဆယ်ပါးကို ကမ္ဘာတစ်သိန်း ကာလ ကြာမြင့်အောင် ဖြည့်ကျင့်လျှင် မဟာသာဝကဗောဓိသို့ရောက်နိုင်၏။ အဟာသာဝက ဆိုသည်ကား - ငါတို့ ဘုရား လက်ထက်တော်၌ အသီတိ ရှစ်ကျိပ်မျိုးကို ဆိုသည်။
·         ပကတိသာဝကဗောဓိ ၏ ရင့်ရာ ကာလ အပိုင်းအခြားကို ကျမ်းဂန်တို့၌ တိုက်ရိုက် အဆိုမရှိ။ ပကတိသာဝကဗောဓိ၏ ရင့်ရာကာလကို ကမ္ဘာတစ်ရာ, ကမ္ဘာတစ်ထောင်ပင် ဟူ၍ ယူကြကုန်၏။
·         ဖားနတ်သား၏ ဝတ္ထုကို ထောက်၍ တစ်ဘဝ, နှစ်ဘဝမျှနှင့်ပင် ရနိုင်၏ ဟူ၍လည်း ယူကြ ကုန်၏။ ပြဆိုပြီးသော အဂ္ဂသာဝက ဗောဓိ- မဟာသာဝက ဗောဓိ တို့၏ ကာလအပိုင်း အခြားများသည်လည်း ဗျာဒိတ် ခံပြီး နောက်မှ ဖြည့်ကျင့်ရသော အပိုင်းအခြားပေတည်း။
·         ဗျာဒိတ် မခံမီ ရှေး၌ ဖြည့်ကျငိ့ရသော အပိုင်း အခြားကား ကျမ်းဂန်၌ အဆိုမရှိ။
·         ဘုရားတို့၏ ပွင့်မှုသည် တဆူနှင့်တဆူ ကမ္ဘာအသင်္ချေ ကွာခြားပြီးမှ ပွင့်သည်လည်း ရှိပြန်သည်။ သာဝကတို့မည် ဘုရားပွင့်ရာ သာသနာနှင့်ကြုံကြိုက်မှ ဖြစ်နိုင်ကုန်သည်။ ထို့ကြောင့် ပြဆိုခဲပြီးသော ကာလအပိုင်းအခြား များသည်လည်း ငါတို့ဘုရား လက်ထက်ရှိ သာဝကများကို အမှတ်ပြု၍ဆိုအပ်သော အပိုင်းအခြားမျှသာတညိး။
·         သုတ္တနိပါတ် အဋ္ဌကထာ၌ကား သာဝကဗောဓိ မှာလည်း သဒ္ဒါဓိက ဗောဓိ၊ ဝီရိယာဓိကဗောဓိ ၊ပညာဓိက ဗောဓိ ဟူ၍ (၃)ပါးစီ, (၃)ပါးစီ ခွဲလျက် ရှိ၏။

သာဝကဗောဓိ သုံးပါးပြီး၏။

ပစ္စေကဗောဓိ သုံးပါးပြ
        ပစ္စေကဗောဓိ သည်လည်း သဒ္ဒါဓိက- ဝီရိယာဓိက ပညာဓိက (၃) မျိုးပင် လာရှိ၏။ ဗျာဒိတ်ခံပြီးသည်မှ နောက်၌ နှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလ ကြာမြင့်အောင် ပါရမီ ဆယ်ပါး, ဥပပါရမီဆယ်ပါး တို့ကို ဖြည့်ကျင့်မှ ရနိုင်သည်ဟု အဋ္ဌကထာတို့၌ လာ၏။
မဟာဗောဓိ သုံးပါးပြ

·         သဗ္ဗညု ဗောဓိသည် သဒ္ဒါဓိက, ဝီရိယာဓိက, ပညာဓိက ဟူ၍(၃)ပါး အပြား ရှိ၏။ ဗျာဒိတ်ကို ရပြီးနောက် ပါရမီ ဆယ်ပါး, ဥပပါရမီ ဆယ်ပါး, ပရမတ္ထပါရမီ ဆယ်းပါးတို့ကို လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ကျင့်မှ ပညာဓိကဗောဓိ ပွင့်နိုင်၏။
·         ရှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ကျင့်မှ ဝီရိယာဓိကဗောဓိ ပွင့်နိုင်၏။
·         တစ်ဆယ်ခြောက် သင်္ချေ နှင့် ကမ္ဘာတစ်သိန်း ဖြည့်ကျင့်မှ သဒ္ဒါဓိကဗောဓိ ပွင့်နိုင်၏။
·         ဤကား အဋ္ဌကထာကြီးများ၌ လာသော မှတ်ရိုးမှတ်စဉ်တည်း။

သစ်ပင်တို့၏ ပွင့်မှု, သီးမှုမည်သည် အချိန်အားလျော်စွာ ပွင့်ချိန်ကျမှသာလျှင် ပွင့်နိုင်, သီးနိုင်သည်။ မန်ကျည်းပင်, ပိန္နဲပင် စသည်တို့ကို တစ်နှစ်အတွင်း၊ နှစ်နှစ်အတွင်း၊ သုံးနှစ်အတွင် သီးစေခြင်းဌာ တစ်နေ့ တစ်နေ့လျှင် အခါတစ်ရာ ရေလောင်းသောလည်း အပင် မရင့်က မပွင့်နိုင် မသီးနိုင် သကဲသို့ ထို့အတူ ဗောဓိသမ္ဘာရ မူမှာလည်း ဝေဿန္တရာမင်းကြီး အလှူကဲသို့ နေ့စဉ် လှူ၍နေသော်လည်း ပြဆိုခဲပြီးသော ကာလအပိုင်းအခြား မစေ့က မပွင့်နိုင် ဟူ၍ သုတ္တနိပါတ် အဋ္ဌကထာ၌လာ၏။ ထို့ကြောင့် ပကတိ သာဝကဗောဓိ အစရှိသော ထိုထိုဗောဓိတို့၌ ရင့်သန်ရာဖြစ်သောကာလ အပိုင်းအခြားကိုလည်း အသီးသီး အလိုရှိအပ်သည် သာလျှင်တည်း။

                                        မဟာဗောဓိကြီး သုံးပါး ပိုင်းခြားခန်း ပြီး၏။
ဘုရားဆုတောင်းကြီး (မဟာဘိနီဟာရ)

        ကိုယ်စွမ်း ကိုယ်ရည်ကို မြင်သော ငါယောကျာ်းကောင်း ဖြစ်ပါလျက် တစ်ကိုယ်တည်း နိဗ္ဗာန် ကူးသဖြင့် ငါ့အား ပစာပြုရအံ့နည်း။ သဗ္ဗညုတဉာဏ် တည်းဟုသော မဟာဗောဓိသို့ ရောက်ပြီးမှ နတ်ဗြဟ္မာနှင့်တကွသော လူများအပေါင်းတို့ကို နိဗ္ဗာန်ကူတို့  ဆောင်ပို့ကယ်တင်အံ့" စင်္ကြဝဠာတစ်သောင်းကို ရိုက်ခြောင်းဆူဝေ တုန်လှုပ်စေနိုင်သော ပဋိညာဉ်ကြီးတည်း။. ။ဆုတောင်းကြီးလည်း ဆိုရ၏။

ဆုတောင်းသူ အင်္ဂါ

ဤဆုတောင်းကြီးမျိုး ထမြောက် အောင်မြင်ရာ အင်္ဂါ ရှစ်ပါး ရှိ၏။

 (၁)    လူ၏အဖြစ်။
 (၂)    ယောက်ျား စင်စစ် အဖြစ်။
 (၃)    ယူလိုလျှင် ယခုဘဝပင် ရဟန္တာ ဖြစ်နိုင်လောက်အောင် ရင့်ပြီးသော အကြောင်းပါရမီ ရှိသည်၏ အဖြစ်။
 (၄)    သဗ္ဗညုဘုရားနှင့် တွေ့ကြုံရခြင်း။
 (၅)    ရသေ့, ရဟန်း အဖြစ်၌ တည်ခြင်း။
 (၆)    အဘိညာဉ်သမာပတ် ဂုဏ်နှင့် ပြည့်စုံခြင်း။
 (၇)    ခဲယဉ်းလှစွာသော ပူဇောသက္ကာရ မှုကို ပြုခြင်း။
 (၈)    ဘုရားဖြစ်ရန် ထက်သန်လှစွာသော ဆန္ဒ ပတ္ထနာ ရှိခြင်း။

ü  အင်္ဂါရှစ်စုံ ကျေးဇူး ဂုဏ်တို့၏ပေါင်းစုံ ညီညွတ်ခြင်းကြောင့် ဆုတောင်းမှုကြီး သည် ထမြောက် အောင်မြင်နိုင်၏။
ü  ပစ္စေကဗောဓိဆု၊ သာဝကဗောဓိဆု တို့သည်ကား အင်္ဂါသုံးပါးစီ လာ၏။


ပစ္စေကဗောဓိ၌ -
(၁)- သဗ္ဗညုဘုရား နှင့် တွေ့ကြုံရခြင်း။
(၂)- ခဲယဉ်လှစွာသော ပူဇောသက်ကာရ မှုကို ပြုခြင်း။
(၃)- ပစ္စေကဘုရား ဖြစ်ရန် ထက်သန်လှစွာသော "ဆန္ဒ" ပတ္ထနာ ရှိခြင်း။ ဤအင်္ဂါ သုံးပါးတည်း။
သာဝကဗောဓိ ဆု၌-
(၁)- ပစ္စေကဗုဒ္ဓ၊ ရဟန္တာများနှင့် တွေ့၍ လှူဒါန်း၍ တောင်းလျှင် ရနိုင်၏။
(၂)- ခဲယဉ်းလှစွာသော ပူဇော်သက္ကရ မှုကို ပြုခြင်း။
(၃)- ရဟန္တာ ဖြစ်ရန် ထက်သန်လှသော "ဆန္ဒ" ပတ္ထနာ ရှိခြင်း။ ဤအင်္ဂါ သုံးပါးတို့ပေတည်း။

ဆန္ဒ ဆိုသည်ကား- လွန်မင်းသော အလိုတည်း။ အချင်းယူဇနာ တစ်သန်း နှစ်သိန်း သုံးထောင် လေးရာ ငါးဆယ် ကျယ်သော စင်္ကြဝဠာတိုက် အတွင်းမှာ အလွန်ထက်သော လှံသွားတို့ကိုအပြည့်စိုက်ထူ၍ ထားပြီးလျှင် လှံသွားထိပ်ကို နင်း၍ ဤမှာဘက် စင်္ကြဝဠာ တံတိုင်းမှ ထိုမှာဘက်စင်္ကြဝဠာ တံတိုင်းသို့ ရောက်ပေါက်အောင် လာခဲနိုင်လျှင် မဟာဗောဓိကို ထိုမှာဘက်သို့ရောက်သည်နှင့် တပြိုင်နက် ရတတ်သည် အမှန်ဖြစ်ခဲသော ထွေလာစိတ်ဖန် ကြံစည် တွန့်ရွံ့ခြင်း မရှိ ခဏချင်း ချင်းနင်း၍ သွားနိုင်လောက်အောင် ထက်သန်သော "ဆန္ဒ" မျိုးကို ဆိုသည်ဟု ကျမ်းဂန်တို့၌ပြ၏။      ။

မဟာဆုတောင်းကြီး ပြဆိုခန်း ပြီး၏။

ပစ္စယ နှစ်ပါးပြ

မဟာဆုတောင်းကြီး အင်္ဂါ ရှစ်ပါးတွင် သာဝကဗောဓိ၊ ပစ္စေကဗောဓိများကို ယူလိုသောအခါ ရနိုင်လောက် အောင် ရင့်သန်ပြည့်စုံပြီးသော ဒါန အဆောက်အဦး၊ သီလ အဆောက်အဦး၊ နိက္ခမ အဆောက်အဦး စသော ဆယ်ပါးသော အဆောက်အဦး တို့နှင့်တကွ-
(၁)     သနားခြင်း။
(၂)     အကြောင်းအရာ။
ဤနှစ်ပါးသည်လည်း သဗ္ဗညုဆု သဗ္ဗညု ဗျာဒိတ်ကို ခံရရန် ဘုရားလောင်း ဟုသော ဘွဲ့တံဆိပ်ကို ခံရရန် အကြောင်းတရား နှစ်ပါးပေတည်း။
(၁)     မိမိအသက် ခန္ဓာထက်ပင် သတ္တဝါ တပါး၏ ဒုက္ခကို ကင်းငြိမ်းစေလိုသော စိတ် အလွန်ထက် သန်သည် ကား သနားခြင်း မည်၏။
(၂)     ကင်းငြိမ်းစေလိုသော စိတ်ရှိသည် အတိုင်း ကင်းငြိမ်းရာ ကင်းငြိမ်းကြောင်းကို ကြံဖန်နိုင်သော ဉာဏ် ပညာ နှင့်ပြည့်စုံ ခြင်းကား အကြောင်းအရာ ပေတည်း။
ü  ဤနှစ်ပါးသည်ကား ပါရမီတို့၏ အကြောင်းဖြစ်သကဲ့သို့ ဆုတောင်းခြင်း၏လည်း အကြောင်းပေတည်း။

ပစ္စယ နှစ်ပါး ပြီး၏။
ပစ္စယ လေးပါးပြ

 (၁)    ဥဿဟ။         ။ဒါနမှု စသည်တို့၌ သူ အများထက် လွန်ကဲသော ဝီရိယတည်း။
 (၂)    ဥမ္မင်္ဂ    ။         ။အလွန် ထက်သန်သော ဉာဏ်ပညာတည်း။
 (၃)    အဝဋ္ဌာန။        ။သူတပါးတို့ လှုပ်ရှားခြင်းဌာ မတတ်ကောင်းသော စိတ်၏ ခိုင်မြဲခြင်းတည်း။
 (၄)    ဟိတစရိယာ။    ။မိမိ၏ အကျိုးထက် သူတပါး၏ အကျိုး၌ လွန်ကဲသော မေတ္တာစိတ်တည်း။

ü  ဤလေးပါးသည်လည်း ပါရမီတို့၏ လည်းကောင်း ဆုကြီးပန်၏ လည်းကောင်း အကြောင်းဖြစ်၏။ဗုဒ္ဓဘူမိ လေးပါး.လည်းခေါ်၏။

ဟေတု လေးပါးပြ

(၁)    ဘုရားဆုကြီး ဗျာဒိတ်ကို ခံယူသော အခါ၌ သာဝကဗောဓိ၊ ပစ္စေကဗောဓိကို ပေးနိုင်လောက် အောင် ပြည့်စုံပြီး ရင့်သန်ပြီးသော ပါရမီအ ဆောက်အဦးနှင့် ပြည့်စုံခြင်းကို ဥပနိဿယ သမ္ပတိ မည်၏။

(၂)     ပြဆိုခဲပြီးသော သနာခြင်း(ကရုဏာ) တရား အစွဲအမြဲနှင့် ပြည့်စုံသည်ကား ကရုဏဇ္ဈာသယ သမ္ပတိတည်း။

(၃)    သူတပါးတို့၏ အကျိုးကို ရွက်ဆောင်မှုနှင့် ကင်း၍ နေရမူကား စကြာမင်း, သိကြားမင်း, ဗြဟ္မာမင်း စည်းစိမ်ကို ခံစားစံစာ၍ နေရသောလည်း စိတ်ပင်ပန်းလျက်နှင့်သာ နေရ၏။ သူတပါး အကျိုးကို ရွက်ဆောင်သော အားဖြင့် မဟာဗောဓိ အကျိုးဌာ ပါရမီမှုတို့နှငိ့ နေရမှုကား ဘဝများစွာ ကမ္ဘာမည်မျှပင် ရှည်ကြာသောလည်း စိတ်၏ ညစ်နွမ်း ပင်ပန်း ငြီးငွေ့ခြင်း မရှိသည်ကားအဝိဟည သမ္ပတ္တိတည်း။ 
သင်သည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကျင့်ရလိမ္မည်။ ရှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းကျင့်ရလိမ္မည်။ တစ်ဆယ်ခြောက်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ကျင့်ရလိမ္မည်။ ထိုမျှလောက် ကျင့်နိုင်လျှင် သဗ္ဗညုအဖြစ်သို့ ရောက်လိမ္မည်ဟု ဆိုလျှင် လေးသင်္ချေ- ရှစ်သင်္ချေ- တစ်ဆယ်ခြောက်သင်္ချေ မျှကိုပင် ယနေ့, နက်ဖြန်မျှ ထင်နိုင်သည်။ ကြာလှသည် ရှည်လှသည်ဟု စိတ်ပင်ပန်းခြင်းမရှိ ဆိုလိုသည်။

 (၄)    ဘဝအဆက်ဆက်တို့၌ လူပညာရှိ နတ်ပညာရှိ တို့နှင့် တွေ့ကြုံရာ ပညာရှိသူတော်ကောင်း တို့ကို အလေးအမြတ် ဆည်းကပ် ပေါင်းဖက်မှု၌ အလေးဂရုပြုခြင်းသည် ကလျာဏမိတ္တ သမ္ပတ္တိမည်၏။

မဟာဘိနီဟာရခန်း ပြီး၏။
                                                

အဇ္ဈာသယဓါတ်(၆)ပါး ပြဆိုအံ့

(၁)     ဘုရားလောင်း တို့သည် စိတ် သန္တာန်၌ အခိုင်အမြဲ တည်ထောင်၍နေသော အလောဘဓါတ်နှင့် ပြည့်စုံကုန်၏။ လောဘ၌ အပြစ်ကို ရှုမြင်ခြင်း အလေ့ရှိကုန်၏။
(၂)     ဘုရားလောင်းတို့သည် စိတ် သန္တာ၌ အခိုင်အမြဲ တည်ဆောက်၍နေသော အဒေါသဓါတ်နှင့် ပြည့်စုံကုန်၏။ ဒေါသ၌ အပြစ်ကို ရှုမြင်ခြင်း အလေ့ရှိကုန်၏။
(၃)- ဘုရားလောင်းတို့သည် စိတ် သန္တာ၌ အခိုင်အမြဲ တည်ဆောက်၍နေသော အမောဟ ဓါတ်နှင့် ပြည့်စုံကုန်၏။ မောဟ၌ အပြစ်ကို ရှုမြင်ခြင်း အလေ့ရှိကုန်၏။
(၄)- ဘုရားလောင်းတို့သည် စိတ် သန္တာ၌ အခိုင်အမြဲ တည်ဆောက်၍နေသော နိက္ခမ္မဓါတ်နှင့် ပြည့်စုံကုန်၏။ ကာမ၌ အပြစ်ကို ရှုမြင်ခြင်း အလေ့ရှိကုန်၏။
(၅)- ဘုရားလောင်းတို့သည် စိတ် သန္တာ၌ အခိုင်အမြဲ တည်ဆောက်၍နေသော ဆိတ်ငြိမ်ခြင်းကို အလိုရှိသော ပဝိဝေကဓါတ်နှငိ့ ပြည့်စုံကြကုန်၏။ အဖေါ်အပေါင်း၌ အပြစ်ကို ရှုမြင်ခြင်း အလေ့ရှိကုန်၏။  
(၆)- ဘုရားလောင်းတို့သည် စိတ် သန္တာ၌ အခိုင်အမြဲ တည်ဆောက်၍နေသော ဘဝမှ ကျွတ်လွတ်လိုသော နိဿရဏဓါတ်နှင့် ပြည့်စုံကုန်၏။ အလုံးစုံသော ဘဝဂတိတို့၌ အပြစ်ကို ရှုမြင်ခြင်းအလေ့ရှိကုန်၏။

အဇ္ဈာသယ အကျယ်ပြ

·         သစ်ပင်တို့မှာ ခိုင်မြဲရန် အနှစ် ထည့်သကဲသို့ အလောင်းအလျာတို့မှာလည်း ခိုင်မြဲရန် အနှစ်ထည့်သော ဓါတ်(၆)ပါး။
·         ဤဓါတ် (၆) ပါး အနှစ် တည်ပြီးသောသူ မှန်လျှင် ကာမဂုဏ်ကို ခံစား၍ပင် နေငြားသောလည်း မျက်နှာအဝ မရှိသော ဘူးအိုးကို ရေနက်၌ နှစ်၍ထားသည်နှင့် တူ၏။
·         ဤဓါတ် (၆) ပါး အနှစ် မတည်သေးသော ပုထုဇန်သည် ကျယ်သော မျက်နှာအဝရှိသော မြေအိုးကိုရေနက်၌ နှစ်ထားသည်နှင့် တူ၏။
·         ဤလော၌ အချို့သောသူသည် လူဖြစ်၍နေငြားသောလည်ဤဓါတ် (၆) ပါး အသင့်ရှိ၏။ အချို့သောသူသည် ရဟန်းဖြစ်၍ နေငြားသောလည်း ဤဓါတ် (၆) ပါး မရှိ။ရေတိမ်၌ မြုပ်၍ထားသော ထိုမြေအိုးနှင့် တူ၏။
·         လူတို့ ကာမဂုဏ်သည် ရေနက်နှင့် တူ၏။ရဟန်းတို့၏ ကျောင်းကောင်း ကန်ကောင်း အိပ်ရာကောင်း နေရာကောင် အဝတ်ကောင်း အစားကောင်း ပစ္စည်းပရိက္ခရာများသည် ရေတိမ်နှင့် တူ၏။



၁။- အလောဘ ဓါတ်အနှစ် မတည်ကုန်သော သူတို့သည် လောဘကင်းရှင်ရန် စကားကိုကြားနာရလျှင် နားငြီးကုန်၏။
၂။- အဒေါသ ဓါတ်အနှစ် မတည်ကုန်သော သူတို့သည် ဒေါသပျောက်ငြိမ်းရန် စကားကို ကြားနာရလျှင် နားငြီးကုန်၏။
၃။- အမောဟ ဓါတ်အနှစ် မတည်ကုန်သော သူတို့သည် တရားကျမ်းဂန် ပညာ ဗဟုသုတစကားကို ကြားနာရလျှင် နားငြီးကုန်၏။
၎။- နိက္ခမ ဓါတ်အနှစ် မတည်သော သူတို့သည် တောထွက်ရန် စကားကို ကြားနာရလျှင် နားငြီးကုန်၏။
၅။- ပဝိဝေက ဓါတ်အနှစ် မတည်ကုန်သော သူတို့သည် တောတောင်ဝင်၍ တစ်ကိုယ်ရေ တစ်ကာယ နေထိုင်ရန် စကားကို ကြားနာရလျှင် နားငြီးကုန်၏။
၆။- နိသရဏ ဓါတ်အနှစ် မရှိကုန်သော သူတို့သည် ဘဝကို ကဲ့ရဲသော စကားကို ကြားနာရလျှင် နားငြီးကုန်၏။

(၁)- အလောဘ ဓါတ်အနှစ် မရှိသော သူတို့ကို တစ်ကျပ်တန်, တစ်ဆယ်တန်, တရာတန်မျှသေးနုပ်လှသော လောဘ အာရုံသည် မြင်းမိုရ်တောင်ကြီးကဲသို့ ဖိစီး၍ ထားနိုင်၏။ အလောဘ ဓါတ်အနှစ် အားကောင်းလှသော သူတို့ကို ပဒေသရာဇ်ဧကရာဇ် စကြာမင်း စည်းစိမ်သည်ပင်မြက်ခြောက် တစ်ပင်မျှကဲသို့ ဖြစ်၏။

(၂)- အဒေါသ ဓါတ်အနှစ် မတည်သော သူတို့အား အနည်းငယ်မျှလောက်သော အခွင့်နှင့်ဖြစ်သော ဒေါသ သည်ပွားစီးသော အဖိုးသို့ ရောက်လေ၏။ အလွန်ခြောက်သွေ့သော မြက်တောကျူတော အမှိုက်တော၌ ကျသော မီးပေါက် မီးပွားငယ်ကဲသို့တည်း။.    ။အဒေါသ ဓါတ်အနှစ် တည်သောသူတို့အား တစ်ဦးနှငိ့တစ်ဦး အသက်စည်းစိမ်ကို ခိုက်၍ဖြစ်ပွားသော ဒေါသသည်လည်းခဏမကြာ ပျောက်ငြိမ်း၏။ အလွန်ရွှမ်းရွှမ်း စိုရွှဲသော အနှစ်အတိ ပြည့်သော သစ်ဖောင်ကြီး သစ်ပုံကြီး၌ ကျသော မီးထုတ် မီးလုံးကြီးကဲသို့တည်း။

(၃)- အမောဟ ဓါတ်အနှစ် မရှိသော သူတို့ကို ခန္ဓာငါးပါး ရုပ်နာမ် တရားတို့၌ အစဉ်ထာဝရမှောင်ကြီး ချ၍ နေသော မောဟသည် ယခုအခါ ဓမ္မက္ခန္ဓာ တည်းဟုသော နေဝန်းအပေါင်း ရှစ်သောင်းလေးထောင် တပြိုင်နက် ထွန်း၍နေသော အခါမှာပင် မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်မျှ အလင်းမရ။ စုတိကျအောင် မှောင်မြဲ မိုက်မြဲ ဖုံးလွမ်မြဲ အတိုင်းနှင့် တစ်ဘဝ ဆုံးစေနိုင်၏။

(၄)- နိက္ခမ ဓါတ်အနှစ် မရှိသော သူတို့အား ယခုဘဝ ပြုသမျှသော ဒါနအကျိုး သီလအကျိုးဥပေါသထ၏ အကျိုး၌ တွယ်တာသာယာသော တဏှာလောဘသည် ထိုကုသိုလ် တို့ကို ပါရမီမျိုးဗောဓိမျိုး ပျက်လေအောင် နှောက်ယှက်၍ တည်နေ၏။ ကောင်းစွာ ပြုပြင်ထားသော စပါးမျိုး ပြောင်းမျိုး ပဲမျိုး တို့ကို ထိုးသော ပိုးငယ်တို့သည် ထိုစပါး, ပြောင်း, ပဲတို့ကို မျိုးပျက်လေအောင်ပြုကြကုန် သကဲသို့တည်း။ 
(၅)- ပဝိဝေက ဓါတ်အနှစ် မရှိသော သူတို့ကို အပေါင်းအဖေါ်၌ မွေ့လျော်သော တဏှာသည်ဆိတ်ငြိမ်ရာ၌ နေခွင့်ကို မပေးပဲ အပေါင်းအခေါ် ရှိရာသို့သာ မကြာရုတ်ခြည်း အတင်း ဆွဲငင်၍ အတွင် ခြံသွင်းသောအမှုကို ထာဝရ ပြုလေ၏။ ရာဇဝတ်ကောင် ထောင်သားတို့ကို တစ်ယောက် တခြား ဆိတ်ကွယ်ရာ၌ နေသည်ကို မြင်လျှင် ခဏခြင်း ရိုက်ပုတ်ငင်ဆွဲ၍ တလုံးတည်း ဖွဲ့နှောင်သော ထောင်မှူး အာဏာသား ကဲသို့တည်း။

(၆)-    နိဿရဏ ဓါတ်အနှစ် မရှိသော သူတို့ကို ဘဝနိကန္တိ တဏှာသည် ဘဝမှ ကျွတ်လွတ်အံ့သော ပဋိပတ်လမ်း၊ ပဋိဝေဓ လမ်းများကို အားကျခွင့် မပေးမူ၍ ဘဝ စည်ကားအပ်သော တစ်ရာကုန် တစ်ထောင်ကုန် တစ်သောင်းကုန် တစ်သိန်းကုန် လှူမှု ဒါန်းမှု၊ ဇရပ်-တန်းဆောင်း- ဂူ- ကျောင်း- ဘုရား ဆောက်လုပ်တည်ထားမှု၊ ငါးပါး, ရှစ်ပါး, ဆယ်ပါး သီလ ဥပုတ်မှု၊ လူသီလဝနရဟန်း သီလဝန္တ- ရသေ့ သီလဝန္တ ပြုလုပ်မှု၊ စာချပေချ ဓမ္မကထိက ကျမ်းပြုဂန်ပြု - ပြုလုပ်မှုတို့၌သာ အားကျခွင့်ကို ပေးသတည်း။
          အင်္ဂလိပ်မင်းတို့သည် မိမိတို့ ပိုင်ရာ နိုင်ငံသားတို့အားဆင်းရဲသား ဘာဝ ဥစ္စာစီးပွား ဖြစ်ထွန်းအောင် လုပ်ဆောင်အားကျမှုကိုကား ကောင်းစွာအခွင့်ပေး၏။ ပုန်ကန် ပုန်စားပြုရာသော လက်နက်ကိရိယာမှု ကိုကား တစ်ထွာလေးသစ်မျှ လုပ်ခွင့် မပေးသကဲသို့တည်း။
ယခုအခါသည် မဂ်ဉာဏ် ဖိုဉာဏ်ကို ညွန်ပြသော ဒေသနာဓမ္မ လည်းနည်းပေါင်းအထောင် မက ပိဋကတ်တော်တွင် ထင်ရှားရှိ၏။ ယခုပစ္စုပ္ပန် ခန္ဓာ၌ သာယာသော နိကန္တိကြောင့် မိမိတို့ ကိုယ်ခန္ဓာကို ညှာတာသည့်အတွက် သက်စွန့်ကြိုးပမ်း အားမထုတ်သောကြောင့်သာသနာပ ရသေ့တို့ ရကြသော ဈာန်မျှကိုမှ ယခုကာလ မရကြလေသတည်း။

                                                   အဇ္ဈာသယဓါတ် (၆) ပါး ပြီး၏။

သာဝက ဗောဓိလောင်း, ပစ္စေက ဗောဓိလောင်း တို့နှင့် မဆက်ဆံသော သဗ္ဗညုဗောဓိလောင်းတို့၏ တံခွန်ကြီး (၄) ပါးကို ပြပေအံ့။

(၁) က္ကုနြ္ဒိယ။    ။သဒ္ဒါ ဖြစ်ခန်း ဆိုက်လျှင် သဒ္ဓါတွန့်ခြင်း မရှိ။ ဝီရိယ ဖြစ်ခန်းဆိုက်လျှင်ဝီရိယ တွန့်ခြင်း မရှိ။ သတိ အရာဆိုက်လျှင် သတိ တွန့်ခြင်း မရှိ။ သမာဓိ အရာဆိုက်လျှင် သမာဓိလှုပ်ရှားခြင်း မရှိ။ ပညာအရာ ဆိုက်လျှင် ပညာ တွန့်ခြင်း မရှိ။ ဤသို့ က္ကုနြ္ဒိ ငါးပါးတို့၏ ထက်သန်ခြင်း အထူးသည် က္ကုနြ္ဒိယ မည်၏။
ဤအချက် ငါးပါးသည် ဤသူကား "သဗ္ဗညု ဘုရားလောင်း" ပေတည်း ဟုသိရန် တံခွန်ပေတည်း။

(၂)- ပဋိပတ္တိ။    ။ပစ္စုပ္ပန် အကျိုးစီးပွားကို အားထုတ်မှု၌လည်း မိမိ၏ အကျိုးစီးပွားထက် သူတပါး၏ အကျိုးစီးပွားကို အထူးအချွန် အလွန်လိုလား၏။ သူတပါး၏ အကျိုးစီးပွားကို အားထုတ်ဆဲ အားထုတ်ပြီး တို့၌လည်း ထိုသူ၏ ကျေးဇူတုံ့ကို မတောင်းတခြင်း၊ ကျေးဇူးကို မျက်မှေက်မျက်ကွယ် ဖေါ်ပြလိုသော စိတ်မှ စင်ကြယ်ခြင်း၊ ထိုသူသည် ကျေးဇူးကို ချေဖျက်၍ အသက်အန္တရာယ်ကိုပင် ပြုသောလည်း ကျေးဇူးမှုကို ချောမောအောင် ဆောင်ရွက်ခြင်းသည်လည်း ပစ္စုပ္ပန်အကျိုး၌ ပဋိပတ္တိ မည်၏။
ဒါန သီလ စသောကုသိုလ်မှုကိုပြုသည်ရှိသောကုသိုလ်အကျိုးကိုတောင်းတခြင်းမိမိကျွတ်လွတ်ရန် နိဗ္ဗာန်မဂ်ဖိုလ်ကို တောင်းတခြင်းတို့မှ လွတ်ကင်း၍ သတ္တဝါအများကို ကယ်ဆယ်နိုင်ရန် သဗ္ဗညုတ ဉာဏ်ကိုသာ တောင်းတခြင်းသည် တမလွန် အကျိုး၌ပဋိပတ္တိ မည်၏။ဤပဋိပတ္တိမှုသည်လည်း ဤသူကား မဟာဗောဓိ အလောင်းကြီး ပေတည်းဟု သိရန် တံခွန်ပေတည်း။

(၃)- ကောသလ္လ။         ။ဆိုက်တိုက်လာသမျှသော အခွင့်၌ ပြီးစီးရန် လမ်မှန်ကို လျင်မြန်စွာ သိနိုင်သော စိန္တာမယဉာဏ်၊ တင်္ခဏုပ္ပတ္တိဉာဏ်တည်း။ သာဝကလောင်း, ပစ္စေကလောင်း တို့သည်လည်း မိမိတို့ အားလျော်စွာ စိန္တာမယဉာဏ်, တင်္ခဏုပ္ပတ္တိဉာဏ် ရှိကောင်းရှိရာ ရှိကြပါကုန်သောလည်း ချော်ချွတ်သည်သာ များကုန်၏။ ဘုရားလောင်းတို့၏ စိန္တာမယ၊ တင်္ခဏုပ္ပတ္တိဉာဏ်မှာ ချွတ်ချောသည် မရှိနိုင်။ ဤကောသလ္လ လည်း တံခွန်တစ်ပါး။

(၄)- အဇ္ဈာသယ။         ။ပါရမီ ဆယ်ပါးနှင့် ချဲ၍ ကျမ်းဂန်မှာ အကျယ်ပြ၏။ အကျင်းမျှကို ပြဆိုအံ့။
အလှူဒါန၌ အလွန်မွေ့လျော်၏။ အလှူဝတ္ထုရှိလျှင် မလှူရလျှင် မနေတတ် ရှိ၏။ လှူသောအခါ ရွှင်လန်းသောစိတ် အရိုအသေ အလေးဂရုပြုသော စိတ် အမြဲတည်၏။ ဘယ်မျှလောက် အကြီးအကျယ် လှူရသောလည်း လှူမှု၌ အားရသည် ဟူ၍မရှိ။ အလှူခံပုဂ္ဂိုလ် လိုအပ်သော ဝတ္ထုသည်မိမိမှာ ရှိခဲ့အံ့ အလှူခံပုဂ္ဂိုလ်၏ မျက်နှာကိုကြည့်၍.တိုင်းတာခြင်းလည်း မရှိ။ မိမိသုံးဆောင်ရန် ကိုမျှော်၍ တိုင်းတာခြင်းလည်း မရှိ။ အလှူခံပုဂ္ဂိုလ်၏ အလိုဆန္ဒကို ဖြည့်စွမ်းလိုသော စိတ်တစ်ခုသာရှိ၏။ ဤသို့စသော အလှူခံပုဂ္ဂိုလ် အယုတ်, အလတ်, အမြတ် တို့၌ ပုဂ္ဂိုလ်ကို ကြည်၍ အနည်းအများ တိုင်းတာခြင်း မရှိ။ အကောင်း အညံ့ တိုင်းတာခြင်း မရှိခြင်းကို အဇ္ဈာသယ တည်း။ ဤကား ဒါနမှုနှင့် စပ်၍ ဤသူကား မဟာဗောဓိကြီး ပေတည်းဟု သိနိုင်ရန် တံခွန်ပေတည်း။

·         နောက်နောက်သော ပါရမီတို့၌လည်း ဤနည်းကို မှီ၍ မဟာဗောဓိ တံခွန်ကို သိလေ။

ပါဠိကို မကြည့်နိုင်သူတို့မှာ ပါရမီ ကဗျာနှင့်ပင် မဟာဗောဓိတံခွန်ကို သိကြ၏။ ယခု ကာလ ၌ကား မဟာဗောဓိတွင်မှ ပညာဓိကကို တောင်းကြ၏။ သူတို့ပြုပုံ မှုပုံ တံခွန်မှာမူကား သာဝကဗောဓိ တံခွန်မျှ လှလှမပေါ်ချေ။ ယခုဘဝ ပကာသနကို လိုလားခြင်း၊ နောင်ယခု ပြုသော ကုသိုလ်၏အကျိုးကို ကြီးကြီးမားမား လိုလားခြင်းဟူသော တဏှာ နိဿိတ တံခွန်ကိုသာ စွင့်ရရင့် မြင်ရချေ၏။.    ။
အကျိုးကို မတောင်းတနှင့် ဆိုခဲ့လျှင် အကျိုးကို လို၍သာ ပြုသည်။ အကျိုးကို မလိုချင်လျှင် ဘယ်သ ပြုမလဲဟု အလွဲကို ငေါ့ကြသေး၏။.    ။ အကျိုးကို မတောင်းတဘဲ ပြုနိုင်လျှင် အကျိုးလည်း များများရ၏။ ဗောဓိသမ္ဘာရ လည်းမြောက်၏။.    ။ အကျိုးကို တောင်းတ၍ပြုလျှင် အကျိုးလည် နည်းပါး၏။ ပါရမီလည်း မမြောက်။ ပိုးဖေါက်သော စပါးမျိုး၊ မြစ်ပိုး ဆစ်ပိုး ကျသောကောက်ပင်နှင့် တူ၏။
အချို့သော သူတို့ကလည်း တစ်ဘဝထက် တစ်ဘဝ ရင့်လမ့်မည်၊ ဘဝကို မတောင်းတဘဲ
ပြုသောလည်း ယခု ဖြစ်နိုင်တဲသည် မဟုတ်။ ဘဝသမ္ပတ္တိ, ဘောဂသမ္ပတ္တိ ကိုလည်း ရဦးမှပင် တော်သည် ဟုဆိုကြကုန်၏။ သစ်ပင်ငယ်တို့ မည်သည် မိုးဥတု ရှိစဉ်အခါ၌သာ ပေါက်နိုင်ကြကုန်၏။ ပေါက်ကြသော သစ်ပင်ငယ် အထောင် အသောင်းတွင်မှာလည်း အမြစ် ပင်စည် ခိုင်မြဲ၍အရပ်အနေ သင့်လှသော သစ်ပင်တလေ မျှသာ နွေရာသီကို ကျူး၍ ရှေ့မိုးဦးနှင့် ဆက်နိုင်၏။ဆောင်းရာသီ နွေရာသီမှာ ပျက်စီးကြသည်သာ များ၏။ နှစ်မိုး သုံးမိုး လေးမိုးစသည်ဖြင့် ကြီးပွားရကား နောက်ဥတု အတွက်နှင့် မပျက်စီးတဲ့နိုင်ပြီ။
ဤအတူ အစစွာ ပါရမီ အပင်ငယ်တို့ မည်သည်လည်း ဘုရားသာသနာ ဓမ္မတည်းဟုသောမိုးဥတုနှင့် တွေ့ကြုံသော အခါ၌သာ ဖြစ်နိုင်ကြကုန်၏။.    ။ ဖြစ်ကြသူ အထောင်အသောင်းတို့တွင် ခြေခြေမြစ်မြစ် ဖြစ်သူတစ်ယောက် တလေမျှ သာသနာပတည်း ဟုသော နွေရာသီကြီးကိုကျူး၍ နောက်ဘုရား သာသနာ တည်းဟူသော ရှေ့မိုးနှင့် ဆက်နိုင်သည်။ အတုအပ ဖြစ်ခဲကြသမျှတို့သည် သာသနာပ တည်းဟူသော ဆောင်းရာသီ နွေရာသီ ကွယ်ပျောက်ကြသည်သာ များကုန်၏။
သာသနာပအခါ မည်သည် ယေဘုယျအားဖြင့် မိစ္ဆာဒိဋ္ဌီသာ များ၏။ မိစ္ဆာဒိဋ္ဌီမျိုး၌ ဖြစ်၍ တစ်ခုသော မိစ္ဆာအယူကို စွဲမြဲစွာ ယူလိုက်သည် ရှိသော အတုအပမျှ ဖြစ်ခဲသော ပါရမီစုသည် ကွယ်ပျောက်ခြင်းသို့ ရောက်လေ၏။ နှစ်ဘဝ သုံးဘဝ စသည် ယူရာ၌ ဆိုဖွယ် မရှိပြီ။ ဤကား နိယတအဖြစ်သို့ မရောက် ကုန်သေးသော ပါရမီတို့၏ အနိယတ ဖြစ်ပုံ အခြင်းအရာတည်း။ ဤကဲသို့ ကွယ်ပျောက်ခဲသော အရာသည် အနမတဂ္ဂသံသရာ၌ သူသူငါငါ သတ္တဝါတို့မှာ အခါပေါင်း အနမတဂ္ဂပင် ရှိရာပြီ၊ ထို့ကြောင့် တစ်ဘဝထက် တစ်ဘဝ ရင့်အံ့သော အလားများကို အားပြု၍ ပါရမီဆုတောင်းမှု၌ အတုအပနှင့် ပြီးကြ၍ မလျော်ပေ။

           ဤတွင် ပကတိသာဝက၊ မဟာသာဝက၊ အဂ္ဂသာဝက၊ ပစ္စေကဗုဒ္ဓ၊ သမ္မာသမ္ဗုဒ္ဓဆု ငါးပါးနှင့်

                                           ပါရမီ ဖြည့်ခန်း ပြဆိုချက် ပြီး၏။

               _________________________________________________________

1 comment:

  1. ကျေးဇူးကြီးများလှပါတယ်

    ReplyDelete