Saturday, July 28, 2012

ညောင်ပင်အိုင် ဆရာတော်ကြီး၏ ထေရုပ္ပတ္တိ

ညောင်ပင်အိုင် ဆရာတော်ကြီး၏ ထေရုပ္ပတ္တိ



     ကျောင်းတည်နေရာ။. (၁) စစ်ကိုင်တိုင်း၊ ဆားလင်းကြီးမြို့၊ ညောင်ပင်အိုင်တောရကျောင်း။
                                 (၂) မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ ညောင်ပင်အိုင် တောရကျောင်း။

               အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တောရ ဘဒ္ဒန္တ နန္ဒောဘာသ ညောင်ပင်အိုင်တောရ ဆရာတော်ဘုရားကြီး  လောင်းလျာကို မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဖူလုံရွာ ခမည်းတော် ဦးသာဆွယ်၊ မယ်တော် ဒေါ်နှင်းတုတ် တို့က(၁၂၈၃) ခုနှစ်၊ ပြာသိုလဆန်း (၃)ရက် စနေနေ့ နံနက် (၃:၀၀)နာရီ အချိန် တွင် ဖွားမြင်တော် မူခဲ့သည်။ မိဘနှစ်ပါးမှ (၁)- မထွန်းမြင့်၊ (၂)- မောင်မှန်၊ (၃)- မဖွားစိန်၊ (၄)- မဖွားရှိန်၊ (၅)- မောင်ထွန်းရှိန် သားသမီး(၅)ယောက် ကိုဖွားမြင်ခဲ့ပါသည်။ အငယ်ဆုံးသားရတနာ မောင်ထွန်းရှိန်မှာ ညောင်ပင်အိုင်တောရဆရာတော် လောင်းလျာဖြစ်ပါသည်။ 
               မိဘနှစ်ပါးသည် မောင်ထွန်းရှိန် (၇)နှစ်သားအရွယ်သို့ ရောက်သောအခါ မိဘများ ကဖူလုံရွာ ပတ္တပိုဏ်ကျောင်းတိုက် ဆရာတော် ဦးဥတ္တရထံ ပညာသင်ရန် အပ်နှံကြလေသည်။ သားရတနာလေး (၁၂) နှစ်အရွယ်သို့ ရောက်သောအခါ မိဘနှစ်ပါးသည် ရှင်ပြုမင်္ဂလာ သဘင်ဆင်ယင်ကျင်းပ၍ ပတ္တပိုင်ဆရာ တော် ဦးဥတ္တရကို ဥပဇ္ဈာယ် ပြုပြီးလျှင် သာသနာအမွေကို ခံယူစေသည်။ ရှင်သာမဏေ ဖြစ်သောအခါ ဘွဲ့အမည်မှာ ရှင်နန္ဒောဘာသ ဖြစ်သည်။သာမဏေ အဖြစ်သို့ ရောက်သောအခါ (၅) ဝါပတ်လုံး ပတ္တပိုဏ် ကျောင်းတိုက်၌ ဆရာတော်ဦးဥတ္တရနှင့် စာချဖုန်းကြီးများဖြစ်သော ဦးသောဘဏ၊ ဦက္ကန္ဒာစာရ တို့ထံ၌ သင်္ဂြုဟ်၊ သင်္ဂဟ၊ ဝိနည်းစသော ပိဋကတ် အခြေခံ ကျက်စာများကို သင်ကြားအား ထုတ်ခဲ့လေသည်။ 
              ၁၃၀၃ခုနှစ် နယုန်လဆန်း (၁၂)ရက်၊ ကြာသပတေးနေ့တွင် ပတ္တပိုဏ်ဆရာတော် ဦးဥတ္တရကို ဥပဇ္ဈာယ်ပြုပြီးလျှင် ရေစကြိုမြို့နယ်သာစည်ရွာ ရဟန်းဒါယိကာ ဦးဘအေး၊ ရဟန်းဒါယိကာမ ဒေါ်သိန်းတင် တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ပတ္တပိုဏ်တိုက် ဗဒ္ဓသိမ်၌ ဥပသမ္ပဒ မြင့်မြတ်သော ပဉ္ဇင်းဘဝသို့ ရောက်ရှိခဲ့ ပါသည်။ ရဟန်းဘဝသို့ ရောက်သောအခါ  ပတ္တပိုဏ်ကျောင်းတိုက်၌ (၅) ဝါမျှနေထိုင်၍ ပိဋကတ်စာပေ များသင်ကြားခဲ့ပါသည်။ ရဟန်း (၆) ဝါအရတွင် ရေစကြိုမြို့နယ် အောက်အိုအနောက်ရွာ မဟာဇောတိကာ ရာမတိုက် ဆရာတော် ဦးဥာဏုတ္တရ ထံကြွရောက်၍ ကျမ်းဂန်များ သင်ကြားပြီး တစ်နှစ်ပတ်လုံး သီတင်းသုံး ခဲ့သည်။ ထိုနောက် မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံ တိုက်သစ်၊ စည်ရှင်ကျောင်းသို့ တဖန်ကြွချီတော်မူခဲ့ပြီး (၇) ဝါမြောက် ဝါကို ကပ်တော်မူ၍ စာပေကျမ်းဂန်များကို သင်ကြားတော်မူခဲ့သည်။
             ဝါကျွတ်ချိန်တွင်ဖူလုံရွာသို့ပြန်လည် ကြွချီတော်မူခဲ့စဉ် ဆားလင်းကြီးမြို့နယ်၊ ပေါင်းဝရွာ၊ ဓမ္မိစ္ဆာ သယတောရကျောင်းမှ ဆရာတော်ဦးသုတကြွလာသည်။ ဆရာတော်ဦးသုတကား ဓုတင်္ဂဓရ အမြဲတမ်း ဆောင်သောဆရာတော်ဖြစ်သည်။ ညောင်ပင်အိုင်ဆရာတော်လောင်းလျာဖြစ်သော ဦးနန္ဒောဘာသ သည် ရှေးကဖြည့်ခဲ့သောပါရမီ၏ နိုးဆွမှုကြောင့် ဓုတင်္ဂဓရအမြဲဆောင်သောအကျင့်ကိုသင်ယူလိုစိတ်များ ဖြစ်ပေါ် ပြင်းပြလာမှုကြောင့် ပတ္တပိုဏ်ဆရာတော်ထံခွင့်ပန်လျှောက်ထား၍ ဓမ္မိစ္ဆာသယဆရာ တော်ပြန်ကြွ တော်မူ သောခါပေါင်းဝဓမ္မိစ္ဆာသယတောရ သို့လိုက်ပါတော်မူပြီး ပဋိပတ်နှင့်ဓုတင်္ဂဓရဆောင်နည်းများကို ဆရာ တော် ဦးသုတထံတွင် သင်ယူတော်မူခဲ့သည်။


ညောင်ပင်အိုင် တောရကျောင်း စတင်ဖြစ်ပေါ် လာပုံ

               ပေါင်းဝရွာ ဓမ္မိစ္ဆာသယ၌ သီတင်းသုံး သင်ယူပြီးနောက် ဦးနန္ဒောဘာသသည် အာရည်ကင် ဓုတင်ဆောက်တည်၍ တောရဆောက်တည်လိုသောဆန္ဒရှိတော်မူသဖြင့် တောရနေရာရှာဖွေရာဆားလင်း ကြီးမြို့၊ ကျောက်ကုန်းရွာမှ ဦးအောင်ညွန့်က သူ့ယာမြေအနီးတွင် ရှိသောညောင်ပင်နှင့် ရေအိုင် တစ်အိုင် ရှိသောနေရာဖြစ်၍ ညောင်ပင်အိုင် ဟုခေါ်သော နေရာကို ညွန်ပြလေရာ စိတ်ငြိမ်အေးမြ အရိတ်အာဝါသ ပြည့်စုံ၍ ထိုနေရာကိုရွေးချယ်တော်မူခဲ့သည်။ မူလညောင်ပင်ကြီးမှာ ဆရာတော်ရောက်ရှိချိန်တွင် မရှိတော့ ပါ။ ဆရာတော်သည် ညောင်ပင်အိုင် တောရသို့ ၁၃၁၁ခုနှစ်၊ သီတင်းကျွတ်လ တွင် ကြွရောက်သီတင်းသုံး တော်မူခဲ့သည်။ ဦးအောင်ညွန့်က ထန်းလက်မိုးလေးတိုင်စင် တစ်ဖက်ရပ်ကျောင်းဆောက်လုပ်လှူဒါန်းသည်။ ဤညောင်ပင်အိုင်ကျောင်းတွင်(၄)ဝါမျှသီတင်းသုံးတော်မူခဲ့သည်။ ထိုအချိန်အတွင်းရေစကြိုမြို့နယ် ကြခတ် ကျွန်းဆရာတော်၊မုံရွာမြို့နယ် မိုးညှင်းတောရဆရာတော်တို့ထံ၌ ပဋိပတ်ကျင့်စဉ်များကိုနာယူမှတ် သားခဲ့ပါ သည်။ မိုးညှင်းဆရာတော်ကြီးက ဗောဓိပင်(၂)ပင်ချီးမြှင့်လိုက်ရာတစ်ပင်ကို ဆားလင်းကြီးမြို့ဝက်လူး ကျောင်းတွင်စိုက်ပျိုးပူဇော်ခဲ့ပြီးကျန်တစ်ပင်ကိုညောင်ပင်အိုင်တောရကျောင်းတွင်စိုက်ပျိုးပူဇော်ခဲ့ရာညောင် ပင်အိုင်ဆရာတော်ကြီး ပျံလွန်တော်မူပြီးနောက်တွင် ထိုဗောဓိပင်သည်လည်းတဖြည်းဖြည်း ချောက်သွေ့ သေ ဆုံးသွာခဲ့ပါသည်။
               ဆရာတော်(၁၂)ဝါမြောက် အရောက်တွင် အစ်ကိုဝမ်ကွဲတော်စပ်သူ ဦးသုမိတ္တသည် ညောင်ပင်အိုင်တောရသို့ ကြွချီတော်မူခဲ့ပြီး အတူသီတင်းသုံးတော်မူကာ မဟာစည်ဆရာတော်ကြီး၏ ပဋိ ပတ်ကျင့်စဉ် နည်းနာနိဿယကိုပြပေးတော်မူခဲ့သည်။ ထိုနှစ်ဝါကျွတ်ချိန်တွင် နောင်တော်ဦးသုမိတ္တ နှင့်အ တူရှင်မတောင်ဘောင်ပဲ့ရွာကျောက်ချောဂူတွင် ဆရာတော်(၂)ပါးနှင့်သူငယ်ချင်းဦးသံဝရတို့သည် ကျောက် ချောဂူ တဝိုက်တွင် (၂) နှစ်တာမျှ ဝိပသနာ ကျင့်စဉ်များကို ကျင့်ကြံအားထုတ် တော်မူခဲ့သည်။

ဆရာသမားကောင်း ကိုရှာဖွေခြင်း
                                  
               နိဗ္ဗာန် ရရန်အတွက် ဆရာသမားကောင်း ရှာတွေ့ခြင်းသည် မည်မျှအရေးပါသည်ကို မြတ်စွာ ဘုရား ကိုယ်တော်တိုင်က အာနန္ဒာကို မိန့်ကြားရာတွင် ( ယ္ခုခေတ် စကားအတိုင်း ) ရာနှူန်းအပြည့် အရေး ကြီးကြောင်း မိန့်တော် မူခဲ့သလို ယ္ခုလည်း ဆရာတော် (၁၄) ဝါရပြီး ဝါကျွတ်ကာလတွင် နောင်တော် ဦးသုမိတ္တက ရဟန္တာဟု ထင်ပေါ်ကြားတော်မူသော ဆင်ဖြူကျွန်းအနီးစလင်းမြို့ကန်လယ်ဆရာတော်ဘုရား ထံသွားရောက်၍ နည်းနာခံယူမည် ဖြစ်ကြောင်း ပြောကြားလာ၍ ဆရာတော်လည်း အတူလိုက်ပါရန် ဆုံးဖြတ်ကြပြီး ညီနောင်နှစ်ပါး ရှင်မတောင် ဘောင်ပဲ့ရွာမှ ခြေလျင်ခရီးဖြင့် တစ်ရွာဝင် တစ်ရွာထွက် ခရီးထွက် တော်မူခဲ့သည်။
               ဆန္ဒအဓိပတိက မွေးထုတ်ပေးလိုက်သော ဇွဲဝိရိယတို့နှင့် ခရီးဆက် ခဲ့ကြရာ ပခုက္ကူမြို့ မြောက် ဖက် သုဿန်တွင် တစ်ညတာမျှ တည်းခိုနားနေ ခဲ့ကြသည်။ ညဘက်တွင် ဆရာတော်(၂)ပါးသည်ကောင်း ကင် နက္ခတ်အမြင်ကို ကြည့်၍ ခရီးစဉ် ရွေးတော်မူသည်။ နံနက်လင်းသောအခါ သီဟိုဠ်ရှင် ဘုရားသို့သွား ရောက် ဖူးမြင်ကြပြီးနောက် ညောင်ဦးမြို့သို့ ခြေလျင် ခရီးဆက်ခဲ့ကြသည်။ ညောင်ဦးရောက်ပြီး ပုဂံ သဗ္ဗေညှို့ဘုရားတွင် နားနေကြရင်း ဘုရားရှေ့ရင်ပြင်တော်တွင် လင်းနို့ချေး, ဌက်ချေး, အမှိုက်သရိုက်များ စွာရှိနေခြင်းကြောင့် ဘုရားဖူးသူများ စိတ်မသက်မသာနှင့် ဖူးနေရသည်ကို မြင်ရသောကြောင့် ဆရာ တော် ညီနောင်နှစ်ပါးက အမှိုက်နှင့် ချေးများကို စုပုံကာ သင်္ကန်းနှင့်ထုပ်၍ ဘုရားနှင့် ဝေးတဲ့အရပ်မှာ သွားပစ်ပြီး ဆရာတော်သည် သဗ္ဗေညှို့ဘုရားတွင် ဤသို့ ဆုတောင်းခဲ့ပါသည်။ " ငါသည် ဤဘုရားမှ အမှိုက်များ ရှင်းလင်းသန့်စင် ပေးသောအကျိုးအားကြောင့် ငါ၏ကိုယ်တွင်းမှာရှိသော ကိလေသာအညစ် အကြေးများကို အမှိုက်များရှင်းသွားသလို ငါ၏ကိုယ်တွင်းမှ ကိလေသာများကို ရှင်းလင်းဖယ်ရှား နိုင်ရပါ စေသား"။ ထိုသို့ ဆုတောင်းပြီး နားနေစဉ် လူအများ အုတ်အုတ်ကျက်ကျက် ဖြစ်နေသည်ကို တွေ့ရသော ကြောင့် ဒကာတစ်ဦးကို မေးကြည့်ရာ " ဘုရားပေါ်မှာ ရဟန္တာတစ်ပါး ကြွလာလို့ သွားဖူးကြတာ " ဟုဖြေ ပေးသောကြောင့် ညောင်ပင်အိုင် ဆရာတော်က နိမိတ်ကောင်းတော့ ပြနေပြီဟု ကောက်ယူလိုက်ပါသည်။ 
ထိုစဉ်ကကြွလာသော ရဟန္တာ တစ်ပါး ဆိုသူမှာ စွန်းလွန်းဆရာတော်ကြီး ဖြစ်ပါသည်။
               ပုဂံမြို့တွင် အအေးဆိုင် တစ်ဆိုင်မှ ကူညီ၍ ကားကြုံဖြင့် ထည့်ပေးလိုက်ရာ ညနေအချိန်တွင် ချောက်မြို့သို့ ရောက်ရှိကြသည်။ တည်းခိုရန် ဘုန်းကြီးကျောင်း တစ်ကျောင်းသို့ ဝင်ကာကျောင်းထိုင် ဘုန်းကြီးအား တစ်ညတာတည်းခိုခွင့်ပေးရန် လျှောက်ထားကြရာ သူစိမ်းဖြစ်နေသည်ကတစ်ကြောင်း၊ မည် သူမည်ဝါ မသိသည်ကတစ်ကြောင်း တို့ကြောင့်တည်းခိုခွင့်မရသောကြောင့် ဆရာတော်နှစ်ပါးမှာ ချောက် မြို့ဆိပ်ကမ်းရှိ ဆိပ်ခံဗောပေါ်မှာပင် တစ်ညတာကျိန်းစက်ခဲ့ကြရသည်။ နောက်နေ့မနက် ခရီးဆက်ကြရာ ဆွမ်းခံချိန်၌ "စလေ" သို့ရောက်လေရာ ဆွမ်းခံခြင်း၊ ဆွမ်းဘုဉ်းခြင်းတို့ပြု့ပြီး ကူတို့မော်တော်ဖြင့် ဆင်ဖြူ ကျွန်းသို့လိုက်ကြပြန်ရာ ဆင်ဖြူကျွန်းသို့ ညနေစောင်းအချိန်မှာရောက်ရှိကြသည်။ ဆင်ဖြူကျွန်း သရက်ပင် ကျောင်းတွင်တစ်ညတာတည်းခိုကြပြီး နောက်တစ်နေ့၌ ဆင်ဖြူကျွန်းမှစလင်းမြို့ သို့ဆွမ်းစားချိန်တွင် ရောက်ရှိကြရာ ဆရာတော်တို့မှာ ဆွမ်းခံ,ဆွမ်းဘုဉ်း ခြင်းတို့ပြုနေလျှင် ကန်လယ်ဆရာတော်ကြီးကို ထိုနေ့ တွင်ဖူးခွင့် မရနိုင်တော့ (ကန်လယ်ဆရာတော်ကြီးသည် ဆွမ်းဘုဉ်းပြီးနောက်ပိုင် မည်သူ့ကိုမျှ ဖူးခွင့်မပြု့ သည့် စည်းကမ်းရှိနေသည်)။ ထို့ကြောင့် ညောင်ပင်အိုင်ဆရာတော်တို့ညီနောင် နှစ်ပါးတို့သည် ကန်လယ် ဆရာတော်ကြီးကို အရင်ဆုံးဦးတိုက်ဖူးမျှော်ရန် ဆုံးဖြတ်ကြပြီး ကန်လယ်ဆရာတော်သီတင်းသုံးရာ စလင်း မြို့၏အနောက်မြောက် ယွန်းယွန်းတွင်တည်ရှိပြီး (၁.၇) စတုရန်းမိုင်ကျယ်ဝန်း သောဝက်သည်းကန် သို့ကြွ ချီခဲ့ကြသည်။ ကန်လယ်ဆရာတော်သီတင်းသုံးသောကန်လယ်တောရကျောင်းသည် ထိုရေကန်၏ အလယ် တွင်ပေါ်နေသော ကျွန်းကလေးပေါ်တွင်တည်ရှိသော ရှင်ပင်သိင်္ဂတော စေတီတော်မြတ်ကြီး၏ ဘေးနား တွင်ကျောင်းဆောက်၍ သီတင်းသုံးနေခြင်းဖြစ်သည်။ ကျွန်းပေါ်သို့စည်းကမ်းမရှိ ဝင်ထွက်သွားလာခြင်း မပြု့လုပ်နိုင်ရန် ကျွန်းပတ်ပတ်လည်တွင် ဝါးများကို ထရံအဖြင့်ကာ၍ ဝင်ပေါက် တစ်ပေါက်သာ ရှိသော တောရကျောင်းအဖြင့်ဆောက်တည်နေ ခြင်းဖြစ်သည်။ ညောင်ပင်အိုင်ဆရာတော် တို့သည်ရေကန်အစပ် တွင် တည်ရှိသော ရှင်ပင်ရွှေမုဌော ဘုရားအရောက်တွင် ဆွမ်းခံပြန်လာသော ကိုယ်ရင်လေးက ကန်လယ် ကျောင်းသို့ကြွလျှင် လိုက်ခဲ့ပါဆိုသောကြောင့် သုံးယောက်သာစီး၍ရသော လောင်းလှေဖြင့် လိုက်သွားခဲ့ ကြသည်။ 
               ညောင်ပင်အိုင်ဆရာတော်တို့ ကန်လယ်ကျွန်းပေါ်သို့ ရောက်သောအခါ ကန်လယ်ဆရာတော် ကြီး၏ တပည့်များက ဧည့်သည် နှစ်ဦးစာ ထ္မင်းပွဲပြင်၍ စောင့်နေကြသည်ကို တွေ့ရပြီး "အရှင်ဘုရားတို့ ဆွမ်းမဘုဉ်း သေးရင် ဆွမ်းဘုဉ်းပေးပြီးမှ ဆရာတော်ကြီးကိုဖူးဖို့ ဆရာတော်ကြီးမှာထားကြောင်း" ပြောပြ ကြသည်။ အမှန်မှာ ကန်လယ်ဆရာတော်ကြီးက တပည့်များကို ဧည့်သည် နှစ်ယောက်စာ ထ္မင်းပွဲပြင်ခိုင်း ထားခြင်းဖြစ်သည်။ နောင်သောအခါတွင် ညောင်ပင်အိုင် ဆရာတော်ကြီးက " ကန်လယ်ဆရာတော်ကြီးက ကြယ်မြင်,လမြင် ပုဂ္ဂိုလ်ကြီးဆိုတော့ ဘုန်းကြီးတို့ကတကယ်လုပ်မယ့်သူတွေ ဆိုတာသိလို့ ထ္မင်းပွဲပြင်ပြီး ကြိုခဲ့တာ" ဟုမိန့်ဆိုခဲ့ပါသည်။ 
               ညောင်ပင်အိုင် ဆရာတော်တို့ ဆွမ်းဘုဉ်းပေးပြီး ကန်လယ်ဆရာတော် ကိုဝင်ရောက်ဖူးမျှော်ရာ ကန်လယ်ဆရာတော်ကြီးက ဒီကျောင်းက ဘုန်းကြီးတစ်ပါးတည်း နေတာဖြစ်ခြင်းကြောင့်တရားအားထုတ်ကြမယ်ဆိုရင် ရေကန်စပ်တွင်ရှိသော ကန်ချောင်ရှိ ကျောင်းများတွင် သီတင်းသုံး ကြပြီးမသိတာ မေးစရာ ရှိရင် ဘုန်းကြီးဆီ လာမေးကြရန် မိန့်လိုက်သောကြောင့် ညောင်ပင်အိုင်ဆရာတော်တို့ ညီနောင်နှစ်ပါးတို့ သည် ကန်လယ်ကျောင်း၏ အနောက်ဘက်တည့်တည့် ကန်စပ်တွင် တည်ရှိသော " ပြည်တော်ဦး " ဘုရား အနီးရှိ ကန်ချောင်အရပ်တွင် ဆောက်လုပ်ပြီးနှင့်သောအုတ်ကျောင်းတွင် ညီနောင်နှစ်ပါး သီတင်းသုံးကြပြီး ဆွမ်းကို စလင်းမြို့ပေါ်တွင် ခံယူကြပြီး နေ့ခင်းပိုင်တွင် " ခံတပ် လှိုင်ဂူ" တွင် တရားအားထုတ်ခြင်း အမှုတို့ ပြုကြပြီး မသိမေးမြန်ရန် ရှိပါကညနေစောင်း အချိန်လောက်တွင် လောင်းလှေဖြင့် လှော်၍ ကန်လယ်ဆရာ တော်ထံ ကြွရောက်မေးမြန်းပြီး ဆက်လက်အားထုတ်ခဲ့ကြပါသည်။ ဤသို့ တရားအားထုတ်နေရင်း နောင် တော်ဦး သုမိတ္တမှာနာမကျန်းဖြစ်၍ ဖူလုံရွာသို့ပြန်လည်ကြွတော်မူ ခဲ့သောလည်း ညောင်ပင်အိုင်ဆရာတော် မှာတစ်ပါးတည်း ကန်ချောင်တွင်ဆက်လက်တရား အားထုတ်ခဲ့ရာ(၃)လခန့်အကြာတွင် ညောင်ပင်အိုင် ဆရာတော်ဘုရားကြီးသည် မိမိအလိုရှိသောတရားများ ပြည့်ပြည့်ဝဝ ရရှိပြီးနောက်(၁၃၁၇)ခုနှစ် ဆရာ တော်ဘုရားကြီး (၁၅)ဝါအရောက်တွင် ညောင်ပင်အိုင်တောရကျောင်းသို့ ပြန်လည်ကြွချီ သီတင်း သုံးတော် မူခဲ့သည်။
               ညောင်ပင်အိုင် ဆရာတော် ဘုရားကြီးသည် ညောင်ပင်အိုင် တောရကျောင်းသို့ ဒုတိယအကြိမ် ပြန်လည်ကြွချီ သီတင်းသုံးခဲ့သော ကျောင်း၏ပုံစံမှာ မကျီးပင်ကြီး အောက်တွင် ထန်းလက်အမိုးလေးတစ်ခု၊ ဘေးအကာ မပါ သော (တစ်ဘက်ရပ်တဲ) တဲအောက်တွင် အမှီပါသော ခုံတန်းလျား အဟောင်းတစ်ခုနှင့် တန်လျားရှေ့တွင် စားပွဲအိုကြီး တစ်လုံးသာ ရှိသည်။ တန်လျား၏ အစွန်တဖက်တွင် နှုတ်ခမ်းပဲ့နေသော သောက်ရေအိုးလေး တစ်လုံး ရှိသည်။ ကျောင်းမှာဂမုကုန်းလေးပေါ်တွင် တည်ရှိ၍  ဂမုကုန်းလေး အောက် နားတွင် ရေနွေးကျိုရန် နှုတ်ခမ်းကျိုးနေသော မြေကရားအိုလေး တစ်လုံးနှင့်တောရဆောက်တည်ခဲ့ပါသည်။
                ထိုသို့ တောရဆောက်တည်ခြင်း အကျင့်သည် ဓုတင် (၁၃) ပါး ဆောက်တည်ရာတွင် တစ်ပါး အပါအဝင် ဖြစ်ပါသည်။ ဆွမ်းခံစားခြင်း၊ ဆွမ်းကို ရောမွေ၍စားခြင်၊ တစ်နေရာတည်း၌ တစ်နေ့ တစ်နပ် တည်း တစ်ခွတ်တည်းသော သပိတ် (သို့) ခွက်ကိုသုံး၍ ဆွမ်းဘုဉ်းပေးခြင်း၊ ဆွမ်းခံရာတွင် အိမ်စဉ်မပြတ် ဆွမ်းရပ်ခြင်း၊ သစ်ပင်ရင်း၌ နေခြင်း၊ လှဲလျောင်း၍ အိပ်စက်သော အကျင့်ကို အနှစ် (၄၀) ကျော် ပယ်ရှား၍ အားထုတ်တော် မူခဲ့သည်။ ဆရာတော် ကျိမ်းစက်သော ပုံစံမှာခုန်တန်းယားပေါ်တွင် ထိုင်၍ရှေ့စားပွဲပေါ် တွင်လက်ပိုက်ပြီးတင်ကာ ထိုလက်ပေါ်တွင် ခေါင်းကိုမှီ၍ ကျိမ်းစက်ပါသည်။ ဆရာတော်သည် ရေချိုးခြင်း အမှုကို ပယ်ရှားလိုက်ပြီး ဝတ်ထားသောသင်္ကန်းကို ဝတ်လို့ ရသည်အထိ ဝတ်ရုံတော်မူခဲ့သည်။ ဆရာတော် ကြီး အားထုတ်တော်မူခဲ့သောဓုတင်များကို အမြင့်ဆုံး, အမြတ်ဆုံး ဖြစ်အောင် သိုသိုဝှက်ဝှက် အားထုတ်ခဲ့ သည်။ ထိုသို့ အားထုတ်တော်မူစဉ်လည်း အနှောက်အယှက်များအား သီးခံတော်မူ၍ အားထုတ်ခဲ့သည်။ ဥပမာအားဖြင့် ပြောရလျှင် ဆရာတော် သည်ကျောင်းကုန်ရွာသို့ ဆွမ်းခံကြွစဉ် ဆရာတော်၏ ခေါင်းရိတ် သင်တုန်းဓါး, ဓါးသွေးသည့် ကျောက်သင်ပုန်း အကွဲလေးတို့ကို ယူဆော့ခြင်း, ဖွတ်ထားခြင်း, နေရောင်ကာ ထားသော သင်္ကန်းအဟောင်းပိုင်းစများကို ယူဆောင်သွားခြင်း၊ ဆရာတော်သည် သင်္ကန်းကို ခေါင်းပါခြုံ၍ တရားကျင့်နေစဉ် ဖိနပ်ကို ယူဆောင်သွားခြင်း တို့ကြုံတွေ့ခဲ့ရပါသည်။နောက်ပိုင်းတွင် ဆရာတော်မှာ ဆွမ်းခံကြွလျှင်လည်း ဖိနပ်မပါဘဲ တစ်မိုင်ကျော် ကျောက်ကုန်း လမ်းတွင် လျှောက်ရတာများတော့ ဆရာ တော်၏ ခြေဖဝါးများမှာ အသားမာထုကြီး တည်နေပါသည်။ ဆရာတော်သည် ဆံရှည်, နှုတ်ခမ်းမွှေး, မုတ်ဆိတ်မွှေး ရှည်နှင့် ဆွမ်းခံကြွကြွလာတာမြင်လို့ ရွာသားများက ဤသို့ အရှည်ထားခြင်းမှာ မသင့်လျှော် ကြောင်း လျှောက်ကြသောလည်း ဆရာက ဘာမျှမပြောဘဲ ဆိတ်ဆိတ် နေခဲ့ပါသည်။ ရွာသားများကလည်း မင်္သကာ၍ ဆရာတော်ကျောင်းသို့ လိုက်လာကြည့်တော့မှ ခေါင်းရိတ်ဓါး, ဓါးသွေးကျောက်သင်ပုန်း အကွဲ လေး, ဖိနပ်ပါမကျန်ဘာမှ မရှိတော့တာ သိရမှ ရွာသားများက နွားကျောင်းသား, ဆိတ်ကျောင်းသား, ထင်း ခွေသူ, တောလိုက်သူများကို ခေါ်ယူသတိပေး၍ ဆရာတော်ကြီးကို မနှောက်ယှက်ကြရန် တားယူရသည် အထိ ဖြစ်ခဲ့ရပါသည်။
               ထိုနောက်ပိုင်းတွင် ဆရာတော်ကြီးသည် ကျောင်းအနီးတွင် ရှိသော ကျောက်လှိုင်ဂူတွင်သာ စကားမပြောသော အကျင့်ကိုဆောင်၍ သီတင်းသုံးနေတော့သည်။ (၁၁) နှစ်ကြာပြီးမှကျောင်းသို့ ပြန်ကြွ ချီကာ စကားပြန်လည်ပြောဆိုတော့သည်။ မူလက စကားနည်းသော ဆရာတော်သည် စကားပြန်လည် ပြောသော်လည်း ပို၍ စကားနည်းသွားသည်။ လိုရင်းကိုဘဲ မိန့်တတ်သည်။ ထို့ကြောင့် တပည့်များက ဆရာတော်မိန့်ဆိုတာကို ပြန်၍အကျယ်ချဲ့ကာ ဆရာတော် ဘာကိုဆိုသည်ကို ပြန်၍ကောက်ကြရသည့် အခါက ပို၍များသည်။ 
               ဆရာတော်သည် ကျောင်းကုန်းရွာသို့ ဆွမ်းခံအမြဲ ကြွနေရာ တစ်နေ့တွင် ဆရာတော်ဆွမ်းခံကြွ လာရင်း ခြေသလုံးတွင် ဆူးခြစ်မိ၍ အနာဖြစ်နေသည်ကို ရွာသားအချို့က သတိထားမိကြပြီးနောက်နေ့များ တွင် ဆရာတော် လမ်းလျှောက်ရာတွင် နဲနဲ ထော်နဲ့ဖြစ်နေသည်ကို အချို့ရွာသားများ ရိပ်မိကြပြီး ဆရာ တော်က ဘာမှမပြော၍ နေလိုက်ကြရာ ဆရာတော် ဆွမ်းခံမကြွတာသုံးရက် ရှိမှရွာသားများ လိုက်သွား ကြသည်။ ကျောင်းသို့ရောက်သောလည်း ဆရာတော်မှာ ခုန်တန်းယား ပေါ်တွင် ထိုင်နေသည်ကို မြင်၍ ရွာသားများက " ဆရာတော် ဆွမ်းခံမကြွတာ သုံးရက်ရှိသွားပြီမို့ နေကောင်းရဲလား လာကြည့်တာပါ ဘုရား " ဟုလျှောက်သောလည်း ဆရာတော်က ဘာမှပြန်မမိန့်ဘဲ နေနေသည်။ "ဆရာတော် ဆူးခြစ်တဲ့အနာက ကောင်းသွားပြီလား? " မေးသောလည်း ဆိတ်ဆိတ်နေပြန်ရာ ရွာသားများက ဆူးခြစ်အနာကို ဖုန်းထား သော သင်္ကန်းကို လုန်ပြီးကြည့်တော့မှ ဆရာတော် ခြေသလုံးတွင် အထက်အောက် (၅) လက္မခန့်နှင့် ဘေးတိုက် (၁,၂)လက္မခန့် ရှိသော အနာပြင်ပေါ်တွင် လောက်,ပိုးကောင်များ တက်နေသည်ကို တွေ့လိုက် ရမှ ရွာသားများက နွားလှည်းပြန်ယူကြပြီး ဆရာတော်မှာ လမ်းပင်မလျှောက်နိုင်တော့သဖြင့် လှည်းဖြင့်ပင့် ကာ ဆားလင်းကြီးမြို့ ပြည်သူ့ဆေးရုံ တွင်ကုသပေးခဲ့ကြရသည်။ ဆရာတော်၏ ခြေသလုံးတွင်အမာရွတ် အကွက်ကြီးကျန်နေခဲ့ပါသည်။
               ပေါင်းဝရွာသား ဦးခင်မောင်သည် ညောင်ပင်အိုင် ဆရာတော်ကြီး၏ တပည့်တစ်ဦး ဖြစ်ပသည်။ ဆရာတော်ကြီးက သူ့ဆရာမှာ ကန်လယ်ဆရာတော်ကြီး ဖြစ်ကြောင်း မိန့်ဖူးသောကြောင့်ဆင်ဖြူကျွန်းသို့ ရောက်ခိုက် ကန်လယ်ဆရာတော်ကြီးကို သွားရောက်ဖူးမျှော်ရာ ကန်လယ်ဆရာတော်ကြီးက " ကိုယ့်နား မှာ ဘုရားငုတ်တိုကြီး ရှိနေရဲ့နဲ ဘာလိုဒီထိအောင် လာဖူးရတာလဲဘုရားငုတ်တိုကြီးကို စောင့်ရှောက်လိုက် ကြ " ဟု မိန့်မှာကြားခဲ့ပါသည်။
               ပေါင်းဝသားဦးခင်မောင်၊ မုံရွာသား ဦးဘိုခင်တို့သည် ဆရာတော်ကြီး တစ်ဘက်ရပ်တဲနှင့် သီတင်းသုံးနေစဉ်ကပင် ဆရာတော်ကြီး၏ တပည့်များဖြစ်နေခဲသည်။ ထို့ကြောင့်သူတို့မေးကြည့်ခဲ့ရာ သူတို့သည် ဆရာတော်ကြီးကို မကြာခဏ ဆွမ်းချိုင့်ပို့ လှူနေကြသူဖြစ်ကြ၍ ထိုအချိန်ဆရာတော်ကြီးမှာ ဖိနပ်ပြန်စီးပြီလား ဟုမေးမြန်းရာ သူတို့နှစ်ဦးလုံး စဉ်းစားပြီးဖြေတဲ့ အဖြေက" အဲ့ဒီ အချိန်က ဆရာတော်ကြီး ဖိနပ်မစီးသေးဘူးကွ၊ ဟုတ်ပကွာ ငါတို့ ဘာ့ကြောင့် ဒီဖိနပ်လေးတစ်ရံကို လှူဖို မေ့ခဲ့ကြလည်း မသိဘူး " ဟု အဖြေတူနေသည်ကို တွေ့ရှိခဲရသည်။ 
               ညောင်ပင်အိုင် ဆရာတော်ကြီး သီတင်းသုံးနေထိုင်သော ကျောင်းမှာ (၉) ပေပတ်လည်အသား ကျောင်းလေးဖြစ်သည်။ ထိုကျောင်း၏ အရှေ့ပေ(၅၀) ဝန်းကျင်အကွာလောက်တွင် အုတ်ဖြင့် ဆောက်လုပ် ထားသော ရေအိုး လေးလုံးဆန့်သည့် ရေအိုးစင်ကြီးကို မုံရွာမှ ဦးဘိုခင် ဒေါ်စိန်စိန်တို့က လှူဒါန်းခဲ့ကြသည်။ ထို့ကြောင့် ဦးဘိုခင်တို့ကို မည်သို့မည်ပုံ ဤရေအိုးစင်ကို ဆောက်လုပ်လှူဒါန်းဖြစ်ပုံကို မေးကြည့်ခဲ့ရာ ဦးဘိုခင် တို့က လှူချင်စိတ်ပေါ်လာလို ဆရာတော်ကို လျှောက်ပြီး ဆောက်လုပ်လှူဒါန်းဖြစ်ခဲကြောင်း သိရ ပါသည်။ ထိုသို့ဆောက်လုပ် လှူဒါန်းချိန်တွင် ဆရာကြီးမှာ အသားကျောင်းနှင့် သီတင်းသုံးနေပြီလား ဟုမေး လိုက်ရာ ဦးဘိုခင်တို့မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြန်ဖြေလိုက်ပုံက " အဲ့ဒီ အချိန်တုန်းက ဆရာတော်ကြီးက တစ်ဘက်ရပ်တဲနဲ သတင်းသုံးနေတုန်းဘဲ၊ ဟုတ်တယ် တို့များက ဘာလို့ ဆရာတော်ကြီး နေဖို ကျောင်းလှူမည့်စိတ် မပေါ်ခဲ့တာလဲ မသိဘူး " ဟု အံ့သြရင်း ဖြေပေးခဲ့ပါသည်။ အမုန်မှာ ဆရာတော် ကြီးက အဓိဒါန် ပြု၍ တည်ဖြစ်ခဲ့ခြင်း ဖြစ်ဟန်တူသည်။ ဆရာတော်ကြီးသည် နေ့စဉ် နံနက်အာရုံဆွမ်း ဘုဉ်း ပြီး စင်္ကြန်လျှောက်ရန် ကျောင်းမှထွက်လာတိုင်း ထိုရေအိုစင်သို့ ကြွ၍ ရေအိုးစင်၏အခြေတွင် အောင်မြေ နင်းသကဲ့သို့ ခြေဆုံရပ်ပြီးမှ စင်္ကြန်ကြွတော်မူပြီး ပြန်လာလျှင်လည်း ထိုအောင်မြေနေရာမှာပင် ခြေဆုံရပ်ပြီး မှ ကျောင်းပေါ်သို့ ပြန်ကြွတော်မူသည်။
 (ဆက်လက် ဖေါ်ပြပါမည်။)

No comments:

Post a Comment